ရွှေဖီမြေ၊ အောက်တိုဘာ ၁၆ ရက်
စစ်ကိုင်းတိုင်း စစ်ကိုင်းမင်းကွန်းလမ်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ UGF က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်မှာ စစ်ကိုင်း-မင်းကွန်းလမ်းရှိ ပေါက်တောကျေးရွာမှာ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ အင်အား (၂၀) ပါ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို UGFတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ခလရ (၁၁၆) က ဗိုလ်ကြီးမင်းထွန်းစိုးအပါအဝင် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်သားဟာ ဒေသခံတွေဆီကနေ ကားနဲ့ ဆိုင်ကယ်တချို့လည်း လုယူထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်တပ်ရဲ့ MA-1 (၂) လက်၊ MA-3 (၃) လက်၊ MA-5 (၁) လက်၊ ခြောက်လုံးပြူး (၁) လက်၊ အီနာဂါ (၁) လုံးနဲ့ စကားပြောစက် (၁) လုံးလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေး တပ်သား (၁) ဦးလည်း ကျဆုံးခဲ့ရပြီး တိုက်ပွဲတွေ ရှိလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ အဝေးဆုံးနေရာကို နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။