By မိုင်းရူပ၊ ရွှေဖီမြေ

#၂၀၂၁ စစ်အာဏာသိမ်းမှုအလွန် တအာင်းတော်လှန်ရေး

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ လက်နက်ကိုင် တော်လှန်ရေးတပ်တွေ ထပ်မံ ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ကို တော်လှန်ခဲ့ကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးတပ်တွေကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်- PSLF/TNLA ဟာ စစ်သင်တန်း ပို့ချပေးတာ၊ လက်နက်ခဲယမ်း တပ်ဆင်ပေးတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာတော့ TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ရှမ်းမြောက်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း TNLA ဟာ ရှမ်းမြောက်ရှိ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နဲ့ မိုင်းလုံမြို့ စတဲ့ မြို့ ၇ မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို စတင်ခဲ့ပြီး ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ စတဲ့မြို့ ၅ မြို့ကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ သိမ်းပိုက်ထားတဲ့ မြို့တွေကို PSLF/TNLA က အုပ်ချုပ်ရေးယန္တရား အကောင်အထည် ဖော်နေပြီး လူထုတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင် ရရှိဖို့ အကောင်အထည် ဖော်ဆောင်နေတာ တွေ့ရပါတယ်။

TNLA သိမ်းပိုက်ထားတဲ့ မြို့တွေနဲ့ လှုပ်ရှားနယ်မြေတွေကို တပ်မဟာ ၉ ခု တပ်ရင်း ၄၅ ရင်းအထိ ပြန်လည် ပြင်ဆင် ဖွဲ့စည်းလိုက်ပြီး ကာကွယ်ရေးလုပ်ငန်း လုပ်ဆောင်သွားမယ်လို့ PSLF/TNLA ရဲ့ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်ကနေ ၇ ရက်အထိ ကျင်းပခဲ့တဲ့ နှစ်ပတ်လည် အစည်းအဝေးအပြီး သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အုပ်ချုပ်ရေးအပိုင်းမှာတော့ ကျောက်မဲခရိုင်၊ နမ့်ဆန်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းခရိုင်နဲ့ မိုးကုတ်ခရိုင် စတဲ့ ခရိုင် ၅ ခုနဲ့ စီမံအုပ်ချုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ PSLF/TNLA အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီညီ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

#တအာင်းပြည်နယ် ရရှိရေး နီးစပ်နေပြီလား

PSLF/TNLA ရဲ့ ရည်းချက်ထဲမှာ တအာင်းတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ တအာင်းပြည်နယ် တည်ဆောက်ရေးနဲ့ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့ ပါဝင်ပါတယ်။

အုပ်ချုပ်ထားတဲ့ မြို့တွေနဲ့ လှုပ်ရှားနယ်မြေရှိ စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးသတင်းတွေကို ထုတ်ပြန်ရာမှာ တအာင်းပြည်လို့ သုံးနှုန်းထားတာ တွေ့ရပြီး ဘယ်နေရာအထိ တအာင်းပြည်အဖြစ် သတ်မှတ်ကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုထားတာတော့ မတွေ့ရသေးပါဘူး။

ဒါပေမဲ့ လက်ရှိ TNLA ထိန်းချုပ်ထားတဲ့ဒေသနဲ့ လှုပ်ရှားနယ်မြေတွေမှာ တခြားတိုင်းရင်းသား လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ကချင်တပ်မတော်- KIA၊ ကိုးကန့်တပ်မတော်- MNDAA နဲ့ ရှမ်းပြည်တပ်မတော်- SSPP တို့လည်း သွားလာနေကြပြီး နယ်မြေအငြင်းပွားမှု မကြာခဏ ဖြစ်ပွားနေကြပါတယ်။

တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားနေတဲ့ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ PSLF/TNLA ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေဲ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။

တအာင်းပြည်နယ် ရရှိရေးဟာ PSLF/TNLA တော်လှန်ရေး လုပ်ရတဲ့ အဓိက ရည်မှန်းချက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ မလွှဲမသွေ တအာင်းပြည်နယ် ရရှိဖို့ ဆောင်ရွက်သွားမယ်လို့ PSLF/TNLA ရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြီးခဲ့တဲ့ ၂ဝ၂၄ ဒီဇင်ဘာလက BBC သတင်းဌာန (မြန်မာပိုင်း)ရဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

တအာင်းပြည်နယ် ဘယ်အထိ ကျယ်ပြန့်မလဲဆိုတာ နောင်တစ်ချိန်မှာ ဆွေးနွေးရမယ့်ကိစ္စဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်ကို ဖယ်ရှားပြီး ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ PSLF/TNLA က စီမံအုပ်ချုပ်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ် တားဘုန်းကျော်က ဆိုပါတယ်။

တအာင်းတပ် တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်တဲ့ မြို့ ၁၂ မြို့မှာ နေထိုင်ကြသူတွေဟာ တအာင်းတိုင်းရင်းသား တစ်မျိုးတည်းသာမဟုတ်ဘဲ တခြားသော လူမျိုးမတူ ဘာသာမတူတဲ့ တိုင်းရင်းသားလည်း စုံလင်ကွဲပြားစွာ နေထိုင်ကြတာကြောင့် စီမံအုပ်ချုပ်ရာမှာ တအာင်းလူမျိုးတစ်ခုတည်းရဲ့ သဘောဆန္ဒနဲ့သာ လုပ်ဆောင်လို့မရဘဲ တခြားသော တိုင်းရင်းသားတွေရဲ့ သဘောထားကိုလည်း အလေးထားဖို့ လိုအပ်ပါတယ်။

ဒါမှသာလျှင် ဒေသတွင်း နေထိုင်ကြတဲ့ လူထုတွေဟာ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားသော ကဏ္ဍတွေမှာ ပူးပေါင်းပါဝင်ကြမှာဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးမှာလည်း ပါဝင်လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

လူထုတွေကြား ဝေဖန်ပြောဆိုမှု မြှင့်တက်နေတဲ့ အခွန် ကောက်ခံမှု၊ တပ်သားသစ် ကောက်ခံမှု၊ ကုန်စည်ဈေးနှုန်း မြှင့်တက်မှု ထိန်းချုပ်ပေးရေး၊ ပတ်ဝန်းကျင်ကို ဆူညံမှု ဖြစ်စေတဲ့ ကေတေဗီ ဘားတွေကို အချိန် အကန့်အသတ်နဲ့သာ ဖွင့်လှစ်စေခြင်း၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ပြဿနာတွေအတွက်လည်း နည်းလမ်း ရှာဖွေပြီး လုပ်ဆောင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

#တအာင်းတော်လှန်ရေး သမိုင်းကြောင်း

လွန်ခဲ့တဲ့ ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ပလောင်အမျိုးသားတပ်ဦး- PNF နာမည်နဲ့ စတင်ခဲ့တဲ့ တအာင်းတော်လှန်ရေးဟာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာဆိုရင် ၆၂ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးကြားကနေ PNF ကနေ ၁၉၇၆ ခုနှစ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့အစည်း/ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော်- PSLO/PNLA အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ဖို့ မြန်မာစစ်အစိုးကို တော်လှန်တိုက်ခိုက်ခဲ့ပါတယ်။

၁၉၉၁ ခုနှစ် ဧပြီ ၂၁ ရက်မှာတော့ PSLO/PSLA တပ်ဖွဲ့ဟာ မြန်မာစစ်အစိုးရဖြစ်တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)နဲ့ အပစ်ရပ်ခဲ့ပါတယ်။

PSLA က လက်နက် အပ်တာကို လက်မခံတဲ့ ကရင်ပြည်နယ် မာနယ်ပလောဒေသသို့ ရောက်ရှိနေကြတဲ့ PSLO/PSLA ရဲ့ ကိုယ်စားလှယ် မိုင်းတင်မောင်ခေါ် မိုင်းဒွယ်ဝေါင်း၊ မိုင်းဂျုတ်ဂျား (လက်ရှိ PSLAF/TNLA ဒုဥက္ကဌ တားဂျုတ်ဂျား)၊ မိုင်းအိုက်ဘုန်း (လက်ရှိ PSLAF/TNLA ဥက္ကဌ တားအိုက်ဘုန်း)၊ မိုင်းအိုက်ပန်း၊ မိုင်းအောင်ဆာ၊ မိုင်းဘအေးနဲ့ မိုင်းစိန်ထွန်းတို့ ပါဝင်တဲ့ ဗဟိုကော်မတီ ၇ ဦးနဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး- PSLF ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

၂၀၀၅ ခုနှစ် ဧပြီ ၂၉ ရက်မှာတော့ မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ထားတဲ့ PSLA (ငြိမ်းချမ်းရေးအဖွဲ့)ဟာ စစ်အစိုးရထံ လက်နက် အပြီးတိုင် အပ်ခဲ့ရပါတယ်။

PSLO/PSLA တပ်ဖွဲ့ဟာ ရှမ်းပြည်နယ်ထဲက မြန်မာစစ်အစိုးရနဲ့ ၇ ဖွဲ့မြောက် ငြိမ်းချမ်းရေးယူတဲ့အဖွဲ့ ဖြစ်တာကြောင့် အထူးဒေသ ၇ PSLA (ငြိမ်းချမ်းရေးအဖွဲ့)ဆိုပြီး စစ်အစိုးရက သတ်မှတ်ပေးခဲ့ပါတယ်။

၂၀၀၉ ခုနှစ် အောက်တိုဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပတဲ့ PSLF ရဲ့ တတိယအကြိမ် ညီလာခံမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLA ကို ဖွဲ့စည်းတည်ထောင်လိုက်ပြီး ၂၀၁၁ နှစ်ကုန်ပိုင်းကစပြီး တအာင်းဒေသထဲ ဝင်ရောက်လာပါတယ်။

TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တအာင်းဒေသမှာ ၂၀၁၂ ခုနှစ် သြဂုတ် ၁၈ ရက်ကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တအာင်းလူမျိုးတွေ ဖိနှိပ်ခံဘဝကနေ လွတ်မြောက်ရေးအတွက် နှစ် ၆ဝ ကျော်ကြာ ကြံ့ကြံ့ခံ တော်လှန်တိုက်ပွဲ ဝင်ခဲ့ကြသူအားလုံးကို လေးစားအောက်မေ့ကြောင်း…။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။