ပျားကြီး၊ အောက်တိုဘာ ၁၆ ရက်
စစ်ကောင်စီလက်ချက်နဲ့ ၃ လနီးပါးကြာထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေး – တမူး ကားလမ်းတလျှောက်က ဒေသခံ ၁ သောင်းနီးပါးဟာ အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့စစ်ရှောင်ကူညီပေးနေသူတွေကပြောပါတယ်။
စစ်ကောင်စီရဲ့ ပြင်းထန်တဲ့ စစ်ကြောင်းထိုးမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ဖက်၊ ကလေး – တမူးကားလမ်းပေါ်က အိမ်ထောင်စုပေါင်း ၂၀၀၀ ကျော်ဟာ ဩဂုတ်လ ၆ ရက်နေ့ကတည်းကစစ်ဘေးရှောင်နေခဲ့ရတာဖြစ်ပါတယ်။
“မိုးတွေလည်း တအားရွာနေတယ်။ ၃ လနီးပါးဆိုတော့ အကုန်ပြတ်လပ်ကုန်ပြီ။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေဖျားနာနေကြတယ်။ အကူအညီက အရမ်းကိုလိုအပ်နေပြီ” လို့ စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ကံကြီး၊ ကြက်ဖနက်၊ ခုံသာစတဲ့ကျေးရွာအုပ်စုတွေအပါအဝင် ကားလမ်းတလျှောက်က ကျေးရွာတိုင်းလိုလိုဟာ စစ်ကောင်စီရဲ့လက်ချက်နဲ့ တောတောင်တွေထဲမှာ ၃ လနီးပါးကြာ ဖြစ်သလို စုဖွဲ့နေထိုင်နေရတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
လတ်တလောအခြေအနေမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဥ်အင်အားတိုးမြှင့်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ နေရပ်ပြန်ဖို့က ကြံ့ကြာနိုင်သေးတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့ ရာသီဥတု အေးလာမှုတွေကြောင့် အမိုးအကာအပြင် အနွေးထည်နဲ့ စောင်တွေပါ လိုအပ်နေတာ တွေ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။