ပျားကြီး၊ ဇန်နဝါရီ ၁၁ ရက်၊ မန္တလေး
မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်မှာ လျှပ်စစ်မီး ရရှိမှုက တစ်ရက်ကို ပျမ်းမျှ တစ်နာရီအောက်သာ ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ လဆန်းပိုင်းကစပြီး မီး ရရှိမှုဟာ သိသိသာသာ လျော့နည်းလာတာဖြစ်ပြီး တစ်ရက်ကို မိနစ် ၃၀ ကနေ ၄၅ မိနစ်ကြားသာ ရရှိနေတာ ဖြစ်ပါတယ်။
“ထမင်းအိုးတောင် မကျက်တော့ဘူး။ နန်းတွင်းကလွဲရင် တစ်မြို့လုံး အမှောင် ကျနေတာ။ တစ်ကယ်ကို ဒုက္ခရောက်ပါတယ်” လို့ အသက် ၆၀ ကျော်အရွယ် ဒေသခံ အငြိမ်းစားဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုလို မီးရရှိမှု လျော့ကျရတာဟာ အမှန်တစ်ကယ် ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းဝန်းကျင်ရှိတဲ့ ၂,၂၀၀ မဂ္ဂါဝပ်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်တာကို တွေ့ရပါတယ်။
အခုလို ဓာတ်အားထုတ်လုပ်နိုင်မှုပမာဏ လျော့နည်းတာကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ မန္တလေးတိုင်းတစ်ခုလုံးကို ဖြန့်ဖြူးပေးနိုင်တဲ့ပမာဏ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းကိုပဲ ပေးနိုင်တော့မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ လျှပ်စစ်ဓာတ်အား ရရှိမှု မရှိသလောက် နည်းပါးတာကြောင့် မန္တလေးက အသေးစား လုပ်ငန်းအများစု လုပ်ငန်း ရပ်ဆိုင်းထားရတာနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုပါတယ်။