ယာရူစိင်၊ အောက်တိုဘာ ၁၄ ရက်၊ သီပေါ
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ သီပေါမြို့ နားခဲကျေးရွာအထိ ရောက်ရှိလာနေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့ကတော့ ဘော်ကြိုအထိ စစ်တပ်က ရောက်လာတာ။ မနေ့ ၁၃ ရက် ညနေပိုင်းမှာတင် အဲတာကျော်ပြီးတော့ နားခဲရွာအထိကို ရောက်လာတာ”လို့ ဆိုပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နားခဲကျေးရွာဟာ သီပေါမြို့နဲ့ ၃ မိုင်ဝန်းကျင်သာ ကွာဝေးပြီး မန်ဟဲရွာအပါအဝင်စတဲ့ ကျေးရွာများကို စစ်ကောင်စီတပ်က ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။
တအာင်းတပ်ဘက်ကတော့ သီပေါမြို့နယ်က တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
၁ နှစ်ကျော်ကြာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ လားရှိုး – မန္တလေးလမ်းအပေါ်ရှိ ကျောက်မဲမြို့ကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပြီး သီပေါမြို့ဘက်ကို ဆက်တိုက် ပြန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
အခု သီပေါမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့အတူ တအာင်းတပ် ထိန်းချုပ်ဒေသအများအပြားကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေပြီး ၂ပတ်အတွင်း သေဆုံးသူ ၃၀ကျော်ရှိလာပြီ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။