မိုင်းရူပ၊ အောက်တိုဘာ ၁၂ ရက်၊ မိုးကုတ်
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် လယ်ကြီးနဲ့ ပစီးကျေးရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီတပ်က လယ်ကြီးကျေးရွာအနီးကို ဗုံး ၁ လုံးနဲ့ ပစီးကျေးရွာထဲကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“လယ်ကြီးမှာကျတော့ ရွာထဲမကျဘူး။ ရွာအပြင် တောထဲမှာ ကျတာ။ ပစီးမှာက အိမ် ၂ လုံး ပျက်စီးသွားတယ်။ အိမ်ရှင်က လယ်ယာသွားတဲ့ အချိန်ဖြစ်လို့ လွတ်သွားတာ” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၁၁ ရက်မှာလည်း စစ်ကောင်စီတပ်က တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကစပြီး တအာင်းတပ်ထိန်းချုပ်ထားတဲ့ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုးကုတ်နဲ့ မန်တုံ စတဲ့မြို့တွေကို လေယာဉ်နဲ့ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
၂ ပတ်နီးပါးအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ TNLA ထိန်းချုပ်ဒေသတွင်းမှာ ကလေး (၄) ဦးအပါအဝင် (၃၁) ဦး သေဆုံးခဲ့ပြီး ကလေး (၉) ဦးအပါအဝင် (၂၈) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တအာင်းတပ်ဘက်ကတော့ စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး အရပ်သားလူထုအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်ပြီး လူထုအနေနဲ့ စစ်ရေးသတိရှိကြဖို့ တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။