မိုင်းရူပ၊ အောက်တိုဘာ ၁၂ ရက်၊ သပိတ်ကျင်း
မန္တလေး-မိုးကုတ်လမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မန္တလေးမိုးကုတ်လမ်းနဲ့ မိုးကုတ်-သပိတ်ကျင်းလမ်းခွဲ သပိတ်ကျင်းမြို့နယ် ဖော့တော့လမ်းဆုံအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တချို့က ရွှေဖီမြေကို ပြောပါတယ်။
သပိတ်ကျင်းမြို့နယ် ၇ မိုင်တပ်စခန်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ အောက်တိုဘာလ ၁၂ ရက်မှာတော့ ဖော့တော့လမ်းဆုံအထိကို ရောက်ရှိလာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“ဖော့တော့လမ်းဆုံမှာ တိုက်ပွဲပြင်းထန်နေတယ်။ ဖော့တော့ဂိတ် သွားလာလို့ မရတော့ပါဘူး။ ခရီးသွား မိဘပြည်သူများအနေနဲ့ အထူးဂရုစိုက်စေချင်ပါတယ်။ စစ်ရေးအရ ဖော့တော့ဂိတ်ကို ရက်အကန့်အသတ်မရှိ ပိတ်ချလိုက်ပါပြီ” လို့ မြေပြင်သတင်းအရင်းအမြစ်တဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖော့တော့ကျေးရွာဟာ မန္တလေး-မိုးကုတ်သွားလမ်းနဲ့ မိုးကုတ်-သပိတ်ကျင်းသွားတဲ့ လမ်းခွဲပေါ်မှာ တည်ရှိနေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်-မန္တလေးလမ်းကို ထိန်းချုပ်လိုက်ရင် မိုးကုတ်-မန္တလေး လမ်းပေါ်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့အပါအဝင် မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ နေရာတွေကိုပါ ပြန်လည် ထိုးစစ်ဆင်လာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်-မန္တလေးလမ်းပိုင်း ပြန်ရဖို့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အဓိက အသုံးပြုတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ သပိတ်ကျင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် မိုးကုတ်-မန္တလေးလမ်းပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ တအာင်းတပ်မတော် TNLA အပါအဝင် မိုးကုတ်ဗျူဟာ၊ မန္တလေး PDF နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်တွေက စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။