ယာရူစိင်၊ အောက်တိုဘာ ၁၁ ရက်၊ ဘီးလင်း
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်ရှိ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ည ၈ နာရီကျော်မှာ ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်အနောက်ရွာကို ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသူတွေအပြင် ဒဏ်ရာရသူ ၈ ဦးရှိတယ်လို့ ဆိုပါတယ်။
“သေတဲ့ထဲက ကလေးငယ်တွေပါပဲ။ နေအိမ်လည်း ပျက်စီးပါတယ်။ ပြီးတော့ ဒဏ်ရာရသူလည်း များတယ်”လို့ မြေပြင်ရှိ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆ နှစ်အရွယ် စောထွန်းထွန်းမင်း၊ အသက် ၇ နှစ်အရွယ် စောလင်းထက်သာ၊ အသက် ၉ နှစ်အရွယ် နော်မင်္ဂလာဖော၊ အသက် ၁၀ နှစ်အရွယ် နော်မစန်းမြင့်နဲ့ အသက် ၁၂ နှစ်အရွယ် နော်မသန်းသန်းတို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်အနောက်ရွာမှာ တိုက်ပွဲဖြစ်ပွါးတာမရှိပဲ စစ်ကောင်စီတပ်ဟာ ဒေသခံတွေသာ ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။