ရွှေဖီမြေ၊ အောက်တိုဘာ ၁၀ ရက်၊ မိုးမိတ်
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ် အောင်မြေရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA မှ ထုတ်ပြန်ပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၀ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး၊ ရော့ကဒ် ၆ လုံးတို့နဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မိုးမိတ်မြို့နယ် ဝဲဘောင်ကျေးရွာကို မနေ့ အောက်တိုဘာ ၉ ရက် ည ၆ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၃ လုံးကို ကြဲချတိုက်ခိုက်တာကြောင့် ကလေး ၂ ဦးအပါအ၀င် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး ၇ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁၀ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ (၇)ရက်နေ့တုန်းကလည်း မိုင်းလုံနယ်ထဲက မန်ဟုန်းရွာထဲကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာခံ (၁၀)ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ မြို့၊ ကျေးရွာတွေကို ဗုံးဆက်တိုက်ကြဲနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကနေ မနေ့ ၉ ရက်အထိ ၉ ရက်အတွင်း ကလေး (၄) ဦးအပါအဝင် (၂၈) ဦးသေဆုံးခဲ့ပြီး ကလေး (၉) ဦးအပါအဝင် (၂၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာတွေဟာ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်နဲ့ နမ္မတူမြို့နယ်တွေဖြစ်ပြီး လူထုတွေအနေနဲ့ လေကြောင်းရန်အန္တရယ် အထူးသတိရှိကြဖို့ လိုအပ်တယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။