ရွှေဖီမြေ၊ အောက်တိုဘာ ၉ရက်
ဒီနေ့ အောက်တိုဘာ ၉ရက် ည(၇)နာရီ အချိန်ခန့် တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နယ် ဝဲဘောင်ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် (၂၅၀)ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ဦးအပါ ရွာခံ ၇ဦးသေဆုံးခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဝဲဘောင်ရွာလယ်ထဲကို ဗုံး ၃လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦး အမျိုးသမီး (၃)ဦး စုစုပေါင်း ၇ဦး ပွဲချင်းပြီး သေဆုံးပြီး ၈ဦး ဒဏ်ရာရကာ နေအိမ် (၁၀)လုံးထက်မနည်းလည်း ပျက်စီးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ (၇)ရက်နေ့တုန်းကလည်း မိုင်းလုံနယ်ထဲက မန်ဟုန်းရွာထဲကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာခံ (၁၀)ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ မြို့၊ကျေးရွာတွေကို ဗုံးဆက်တိုက်ကြဲနေပြီး တစ်ပတ်အတွင်း လူ ၃၀နီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာတွေဟာ ကျောက်မဲ၊သီပေါ၊မိုင်းငေါ့၊မိုင်းလုံ၊နမ့်ဆန်နဲ့နမ္မတူမြို့နယ်တွေဖြစ်ပြီး လူထုတွေအနေနဲ့ လေကြောင်းရန်အန္တရယ် အထူးသတိရှိကြလို့ လိုအပ်တယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။