ရွှေဖီမြေ၊ အောက်တိုဘာ ၅ ရက်၊ ရွှေဘို
စစ်ကိုင်းတိုင်း ရွှေဘို-မန္တလေးလမ်းဘေးရှိ တဂဏန်းကျေးရွာမှာ အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖက ဒီနေ့ အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက် ၅ နာရီခွဲနဲ့ ၉ နာရီခွဲမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်ကြပ်ကြီး စံထွေးအပါအဝင် ၇ ဦး သေဆုံးပြီးတော့ ၁၀ ဦး ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ၄ ဦးကိုလည်း အရှင်ဖမ်းမိနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ရဲ့ MA-3 ၁ လက်၊ MA-1 ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျောလွယ်ဂျမ်မာ ၁ စုံ၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ အာပီဂျီ ဗုံးသီး ၂ လုံးနဲ့ (၅.၅၆)ကျည် ၁၂၉ တောင့်ကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်ဘက်ကလည်း ၂ ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲကို ရွှေဘိုမြို့နယ် တိုက်နယ် ၅ ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Northern Tiger Group ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နယ်မြေခံ ပကဖအဖွဲ့နဲ့ ရွှေဘိုခရိုင် ညီနောင်တပ်ရင်း (၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆၊ Together We Can)နဲ့ နယ်မြေခံ ရွှေဘိုခရိုင် တပ်ရင်း(၄)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ရွှေဘိုမြို့ ကညနရုံးနဲ့ အမှတ် ၂ ထောက်ပို့တပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့တာကြောင့် ရွှေဘိုမြို့ မဟာအောင်မြေ ဘုန်းကြီးကျောင်းအတွင်း ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင် ၄ ပါး ပျံလွန်တော်မူခဲ့ပြီး ဘုန်းကြီး ၇ ပါးလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။