ယာရူစိင်၊ အောက်တိုဘာ ၄ ရက်၊ သီပေါ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ် ကျင်သီရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီ ၃၅ မိနစ်မှာ ကျင်သီရွာကို စစ်တပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၂ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
“ရွှေကျင်တဲ့သူတွေကို ထိသွားတာပါ။ နှစ်ယောက် ထိတာ။ တစ်ယောက် ခြေထောက် ပြတ်သွားတယ်လို့ သိရပါတယ်။ လားဟူလူမျိုးတွေလို့လည်း သိရပါတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက် ၇ နာရီ ၄၉ မိနစ်မှာလည်း သီပေါမြို့နယ် မန်ဟဲရွာရှိ စစ်တပ်စခန်းဟောင်းအတွင်း ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကနေ ဒီနေ့ အောက်တိုဘာ ၄ ရက်အထိ သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ၁၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီနေ့လယ် ၁၂ နာရီကျော်မှာလည်း စစ်တပ်က ဂျက်ဖိုက်တာ အသုံးပြုပြီး နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာထဲ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။