မိုင်းဖိူမ်းဆငဲ၊ အောက်တိုဘာ ၄ ရက်၊ နမ့်ဆန်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာထဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၄ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ဂျက်ဖိုက်တာ အသုံးပြုပြီး ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် အနီးဝန်းကျင်မှာရှိတဲ့ ကလေး ၆ ဦးအပါအဝင် ၉ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သေသွားတာက ကလေးတွေပဲ။ ကလေးနှစ်ယောက် သေသွားတယ်။ ဒဏ်ရာ ရသွားတာတော့ ကလေး ၆ ယောက်နဲ့ လူကြီး ၃ ယောက်။ ယောကျ်ား၊ မိန်းမ အဲလို မခွဲခြမ်းရသေးဘူး”
ကြဲချခဲ့တဲ့ ဗုံး ၂ လုံးထဲက တစ်လုံးဟာ ဇယ်တုန်ဟုန်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး နောက်တစ်လုံးကတော့ ဇယ်တုန်ဟုန်းနဲ့ ဇယ်ဘန်ကောက်ရွာကြား ကျရောက်ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။
လူထိခိုက်တာအပြင် နေအိမ် ၁၃ လုံးထက်မနည်းလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂ ရက်ကလည်း စစ်တပ်က အရပ်သားတွေ နေထိုင်တဲ့ နမ္မတူမြို့ ရပ်ကွက် ၈ ထဲ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၃ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ၇ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်တပ်ဟာ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် သီပေါမြို့ကိုပါ ပြန်လည်သိမ်းပိုက်ဖို့ ဆက်လက် ထိုးစစ်ဆင်နေပြီး PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ စတဲ့မြို့တွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။