ပျားကြီး၊ အောက်တိုဘာ ၄ ရက်၊ ကျောက်ပန်းတောင်း
ကြက်မောက်တောင်ဆည် ရေကြီးရေလျှံမှုကြောင့် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းပေါ်က ကိုင်းတံတား ကျိုးကျပျက်စီးခဲ့တဲ့အတွက် လမ်းပိတ်ဆို့မှု ဆက်ရှိနေသေးတယ်လို့ ကျောက်ပန်းတောင်းမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဟာ စစ်ကောင်စီရဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အတွက် လိုအပ်နေတဲ့ ထောက်ပံ့ရေးကိစ္စမှာ အဓိက အသုံးပြုနေရတဲ့ လမ်းတစ်ခုဖြစ်ပြီး မနေ့ အောက်တိုဘာ ၃ ရက် မနက်ပိုင်းက ကျိုးကျပျက်စီးခဲ့တဲ့ ကိုင်းတံတားကို ပြန်လည်ပြင်ဆင်ဖို့ စစ်ကောင်စီဘက်က အသည်းအသန် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
“ထွေအုပ်တွေရော၊ လမ်းဦးစီးကကောင်တွေရော အသည်းအသန် သွားပြင်နေတယ်။ ကားတွေက သွားလို့မရတော့ဘူး။ မြို့ပေါ်မှာ စုပြုံနေပြီ။ ရေက လုံးဝ မကျသေးတော့ တံတားပြင်ဖို့ကတော့ သိပ်တော့မလွယ်သေးဘူး” လို့ အသက် ၅၀ အရွယ် ကျောက်ပန်းတောင်းမြို့ခံတစ်ဦးက ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့အထွက် ကိုင်းနဲ့စည်သူရွာကြားမှာရှိတဲ့ ကိုင်းတံတားဟာ မနေ့မနက်ပိုင်းက ကျိုးကျပျက်စီးခဲ့တာဖြစ်ပြီး တံတားကျိုးကျမှုနဲ့ပတ်သက်ပြီး လူထိခိုက်မှု တစုံတရာ မရှိဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပုပ္ပါးတောင်ခြေမှာရှိတဲ့ ကြက်မောက်တောင်ဆည်ဟာ ဆိုးဆိုးရွားရွား ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး အနီးအနားကျေးရွာနဲ့ ကားလမ်းမှာ ရေကျော်နေပါတယ်။
ကားလမ်း ပိတ်ဆို့မှုဟာ ၃ ရက်ကျော် ကြာမြင့်လာခဲ့ပြီး အခုလို တံတား ကျိုးကျပျက်စီးမှုကြောင့် ရာနဲ့ချီတဲ့ ခရီးသွားသူတွေဟာ ရေလွတ်ရာနေရာနဲ့ ကျောက်ပန်းတောင်းမြို့ပေါ်မှာ ဖြစ်သလို နေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။