ရဲမာန်၊ အောက်တိုဘာ ၂ ရက်၊ မိုးညှင်း
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၄ လုံး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၁ ရက် နေ့လယ် ၂ နာရီမှာ ဟိုပင်မြို့မတောင် အလယ်ရပ်ကွက်ရှိ ကုန်မာဆိုင်ကနေ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့ ၎င်းက ဆိုပါတယ်။
“မီးက ဟိုပင်မြို့ရဲ့ အလယ်ကောင်မှာ လောင်တာ။ မီးသတ်ရုံးနားမှာ လောင်တာ။ အိမ်ကတော့ ၄ လုံးလောက် ပါသွားတယ်။ ပထမအစကတော့ ဟိုပင် မီးသတ်ကား ၂ စီးနဲ့ ငြိမ်းတာ။ ငြိမ်းလို့မနိုင်တဲ့အချိန်မှာ ဟိုပင်မြို့နယ်တစ်ဝိုက်က နန်းမာ၊ ကြာကြီးကွင်း၊ ရွာသစ်ကြီး မီးသတ်ကားတွေ လာရောက် ကူညီပြီး ဝိုင်ငြိမ်းလိုက်လို့ ငြိမ်းသွားတာ”
အဲဒီမီးလောင်မှုဟာ ၃ နာရီနီးပါး ကြာမြင့်တယ် ဆိုပါတယ်။
ဟိုပင်မြို့မှာ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဟိုပင်မြို့ မြသီတာရပ်ကွက် ယူနီယံ ဆန်စက်ဝန်းအတွင်းရှိ ဂိုဒေါင်ရုံဟောင်းနဲ့ နေအိမ်တစ်လုံးလည်း မီးလောင်ကျွမ်းခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။