မိုင်းရူပ၊ စက်တင်ဘာ ၂၈ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ပျောက်ဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ၃ ရက်အကြာမှာ ရေနစ် သေဆုံးနေတဲ့အလောင်းသာ ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ကွတ်ခိုင်မြို့ ရပ်ကွက် (၃) မှာ နေထိုင်တဲ့ မောင်သုတဖြိုးဆိုသူဟာ တရုတ်ကျောင်းသွားချိန် ပျောက်ဆုံးခဲ့ပြီး ဒီနေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာတော့ ကွတ်ခိုင်မြို့ရှိ စိုက်ပျိုးရေး ရေကန်ထဲမှာ ရေနစ် သေဆုံးနေတဲ့ ၎င်းရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။
“ကလေးအဖေအမေတို့က ပြောပါတယ်။ သူ့သားက ပြောတယ်တဲ့။ တရုတ်ကျောင်းရော၊ ဗမာကျောင်းရော ဦးနှောက်မနိုင်တော့ဘူးပေါ့။ ကလေးက စိတ်မွန်းကြပ်ပြီး အပေါင်းအသင်းတွေကို တွေ့ပြီး စိုက်ပျိုးရေး ရေကန်ထဲ ဝင်သွားတဲ့ သဘောရှိတယ်” လို့ ဖြစ်စဉ်ကို သိထားတဲ့ ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မောင်သုတဖြိုး ရေနစ် သေဆုံးမှုဟာ ၎င်းကိုယ်တိုင် ရေနစ် သေဆုံးခဲ့တာ ဟုတ်မဟုတ် စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ကွတ်ခိုင်မြို့မှာ ကလေးမိဘတွေဘက်က မိမိတို့ရဲ့ ကလေးတွေကို တရုတ်ကျောင်းအပြင် ဗမာကျောင်းတွေကိုပါ ဖိအားပေး တက်ခိုင်းတာတွေ ရှိနေပြီး ကလေးငယ် တချို့မှာ စိတ်ဖိစီးမှု ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့နယ် မန်ပိန်းကျေးရွာအမျိုးသမီးတစ်ဦးဟာ နမ့်ခိုင် ရေချောင်းကို ဖြတ်ဖို့ တံတားပေါ်က ခြေချော်ပြီး ရေထဲ မျောပါ သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။