မိုင်းအရှိုင်း၊ စက်တင်ဘာ ၂၆ ရက်၊ သိန္နီ
ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့က တရုတ်စာ ဆရာမတစ်ယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူ ၂ ဦးကို ဒီနေ့ စက်တင်ဘာ ၂၆ ရက်မှာ ကိုးကန့်တပ်က သေဒဏ်စီရင်ခဲ့တယ်လို့ သိန္နီမြို့ခံတစ်ဦးက ဆိုပါတယ်။
သိန္နီဈေးအနီးမှာ အဓမ္မပြုကျင့်မှု၊ လူသတ်မှု၊ ပြန်ပေးစွဲမှု၊ ခိုးမှုကျူးလွန်တဲ့ ရာဇဝတ်သား ၇ ဦးကို ပြည်သူအများရှေ့မှာပဲ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
“၇ ယောက်ကို ၂ ယောက်သတ်လိုက်တယ်။ တရုတ်ဆရာမကို သတ်ဖြတ်တဲ့အမှုလေ။ ကျန်တဲ့ ၅ ယောက်ကိုတော့ မသတ်သေးဘူး။ ဆိုင်ရှေ့မှာ ဖြတ်မောင်းပြီး ပြန်ခေါ်သွားတာတွေ့တယ်” လို့ ဆိုပါတယ်။
အဲရာဇဝတ်သား ၂ ယောက်ဟာ သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ကျေးရွာက တရုတ်စာသင်ကျောင်းမှာ စာသင်ပေးတဲ့ ဆရာမတစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
အဓမ္မပြုကျင့်မှုနဲ့ လူသတ်မှု ကျူးလွန်တဲ့ ၂ ယောက်ဟာ ကိုးကန့် (MNDAA) ရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ အဲသတင်းရင်းမြစ်က ဆိုပါတယ်။
ကိုးကန့်တပ်ဟာ ပြစ်မှုကျူးလွန်သူတွေကို အများပြည်သူရှေ့မှာ သေဒဏ် မကြာခဏစီရင်တာရှိခဲ့ဖူးပြီး အဲဒီအပေါ်မှာ လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့က ကန့်ကွတ်ခဲ့ရှုတ်ချခဲ့ကြပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။