ဓာတ်ပုံ – CJ

By မိုင်းရူပ၊ ရွှေဖီမြေ

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

ဒါ့အပြင် သေဆုံးနေတဲ့ မနန်းရဲ့ ဘေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျည်ကာလည်း တွေ့ခဲ့ရပြီး မနန်းဟာ ရုန်းကန်ထားတဲ့ ပုံစံနဲ့ သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်–TNLA တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတဲ့ ကျောက်မဲမြို့နယ်ထဲက နားအိုက်ခန့်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်သားတွေက သမီးဖြစ်သူကို အဓမ္မပြုကျင့်ပြီး သားအမိ ၃ ဦးကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကို ရွှေဖီမြေက ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေဆီက မေးမြန်းထားပြီး လုံခြုံရေးအခြေအနေကြောင့် သတင်းပေးသူအတိအကျကို ဖော်ပြမထားကြောင်း အသိပေးလိုပါတယ်။

မနန်းတို့ သားအမိ ၃ ဦးကို စစ်ကောင်စီတပ်က ဘယ်လို ပစ်သတ်ခဲ့လဲ

ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ဖို့ နောင်ပိန်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်မှာ နားအိုက်ခန့်ရွာအထိ ရောက်လာပြီး တအာင်းတပ်ဘက်က နားအိုက်ခန့်ရွာအပြင်ဘက်အထိ နောက်ဆုတ်ပေးခဲ့ရပါတယ်။

“၂၄ ရက်နေ့မှာ TNLA က နားအိုက်ခန့်ကနေ နောက်ဆုတ်သွားပြီ” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နားအိုက်ခန့်ရွာခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အိမ်စောင့်တချို့နဲ့ ငွေကြေးမတက်နိုင်တဲ့သူတွေ ရွာအနီးရှိ တောင်ယာ၊ လယ်ယာတွေထဲမှာပဲ တိမ်းရှောင်ခဲ့ကြပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေ နားအိုက်ခန့်ရွာထဲ ဝင်ရောက်ပြီး စစ်ကြောင်းထိုးကာ ရွာထဲကို ရောက်ရှိချိန် အသက် ၃၀ ဝန်းကျင်ရှိတဲ့ ဦးဇင်းတစ်ပါးက ကြောက်လန့်ပြီး ထွက်ပြေးဖို့ လုပ်နေစဉ် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုခံရပြီး ပျံလွန်တော်မူခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာအနီးရှိ မနန်းတို့ နေထိုင်တဲ့ လယ်ယာမှာရှိတဲ့ တဲအိမ်ဘက်ကို ရောက်လာတယ်လို့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ် အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၅ မနက်ပိုင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနန်းတို့နေတဲ့ တဲအိမ်ဘက် ရှိနေတာကြောင့် ရွာခံတွေက သွားမကြည့်ရဲကြပါဘူး။

စစ်ကောင်စီစစ်ကြောင်းဟာ နားအိုက်ခန့်ကနေ စခန်းသာဘက်ကို စစ်ကြောင်းထိုးဖို့ သွားနေချိန် မနန်းတို့ သတ်ဖြတ်ခံထားရတဲ့ နေရာကို ရွာထဲမှာ ကျန်နေတဲ့ ရွာခံတွေက သွားကြည့်ချိန် သားအမိ ၃ ဦး သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

“သူတို့သားအမိ နေတဲ့ လယ်တဲမှာပဲ သတ်ခံရတာ။ အဲဒီသားအမိတွေက ပြေးဖို့ လုပ်ရင်း အဲဒီလို ဖြစ်သွားတာ” လို့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ် အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၄၈ နှစ်အရွယ် ဒေါ်ပါလျန်း၊ အဓမ္မပြုကျင့်ခံရတဲ့ ပုံစံနဲ့ သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ် မနန်း (အမည်လွှဲ) နဲ့ ၁၂ နှစ်အရွယ် စိုင်းမောင် ဆိုသူတို့ ဖြစ်ပါတယ်။

ဒေါ်ပါလျန်းနဲ့ စိုင်းမောင်တို့ ၂ ဦးဟာ တဲအိမ်အပြင်ဘက် ဦးခေါင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေပြီး မနန်းကတော့ ခန္ဓာကိုယ်အောက်ပိုင်းအဝတ်မပါဘဲ တဲအိမ်ထဲမှာ သေဆုံးနေတာကြောင့် အဓမ္မပြုကျင့်ခံရတဲ့ ပုံစံလို့ ဒီဖြစ်စဉ်ကို သိရှိထားတဲ့ အမျိုးသမီးက ပြောပါတယ်။

“အဲဒီကောင်မလေးရဲ့ ခန္ဓာကိုယ်အနေအထား၊ အဝတ်အစားမပါတာ၊ အဲဒီနား စစ်ဝတ်စုံတွေ ကျန်တာကြည့်ပြီးပြောတာ၊ ရုန်းကန်ထားတဲ့ ပုံစံတွေကို ကြည့်ပြီး အဓမ္မပြုကျင့်ခံရတာလို့ ပြောနိုင်တာ” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေရဲ့ အလောင်းကို မနေ့ စက်တင်ဘာ ၂၅ ရက်မှာ သဂြိုလ်လိုက်ပြီလို့ သိရပါတယ်။

နားအိုက်ခန့်ကျေးရွာဟာ နောင်ချို–ကျောက်မဲလမ်းမကြီးပေါ် တည်ရှိတဲ့ ရှမ်းလူမျိုးတွေ အများစု နေထိုင်တဲ့ ကျေးရွာကြီး ဖြစ်ပါတယ်။

ရှမ်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Tai Students Union ကလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ နားအိုက်ခန့်ရွာက မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကာ သံဃာတစ်ပါးအပါအဝင် စုစုပေါင်း ရွာခံ ၄ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း မနေ့ စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာတွေအနေနဲ့ အပြစ်မဲ့ လူထုတွေကို စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ အရေးယူဆောင်ရွက်ပေးဖို့ Tai Students Union အဖွဲ့က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ နားအိုက်ခန့်ရွာက သားအမိ ၃ ဦးနဲ့ ဦးဇင်းတစ်ပါး ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး တစုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

အပြင်းအထန်ဆုံး ကျောက်မဲတိုက်ပွဲ

နောင်ချိုကနေ ဂုတ်ထိပ်ချောင်းကနေတဆင့် ရှမ်းပြည်တိုးတက်ရေးပါတီ–SSPP ထိန်းချုပ်ထားတဲ့ ထန်းပင်–နောင်ပိန်လမ်းကြောင်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေတာ ၁ လကျော် ကြာရှိပါပြီ။

ဒီနေ့ စက်တင်ဘာ ၂၆ ရက်အထိ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့အနီးရှိ စခန်းသာကျေးရွာထဲအထိ ရောက်ရှိလာပြီး TNLA ဘက်က ကျောက်မဲမြို့ လက်မလွှတ်ရရေးအတွက် ခုခံနေဆဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း ကျောက်မဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုများနေတာကြောင့် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

ကျောက်မဲမြို့နယ်က တိုက်ပွဲတွေကြောင့် မြို့ပေါ်က ဒေသခံတွေအပါအဝင် တိုက်ပွဲဖြစ်ပွားတဲ့ အနီးအနားက သောင်းနှင့်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။

အမွဲသိမ်းမယ့် ကျွဲဂိမ်း

အလွှာပေါင်းစုံသော လူထုအတော်များများသည် စလော့ဂိမ်းများဖြင့် ပတ်သက်ဆက်စပ် ရင်းနှီးနေကြသည်။