မိုင်းအရှိုင်း၊ စက်တင်ဘာ ၂၆ ရက်၊ သိန္နီ
ကိုးကန့်တပ် – MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ အဓမ္မပြုကျင့်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ တရုတ်လူမျိုး ၃ ယောက်နဲ့ ဗမာလူမျိုး ၄ ယောက်ကို လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်သွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်း မြို့ဈေးအနီးမှာ အဓမ္မပြုကျင့်မှု ကျူးလွန်ထားတဲ့ တရုတ်လူမျိုး ၃ ယောက်နဲ့ ခိုးမှု၊ လုယက်၊ လူသတ်မှုတွေကို ကျူးလွန်ထားတဲ့ ဗမာလူမျိုး ၄ ယောက်ကိုသေဒဏ် ချမှတ်သွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
“သုံးယောက်က မုဒိမ်းမှုကျူးလွန်ထားတဲ့သူတွေ။ တရုတ်လူမျိုးတွေလို့ ပြောတာပဲ။ ကျန်တဲ့ ၄ ယောက်က ဗမာလူမျိုးတွေ။ ခိုးမှု၊ လုယက်မှု၊ ပြန်ပေးစွဲမှု၊ လူသတ်မှု ကျူးလွန်ထားတဲ့သူတွေ”
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်း ၂၈ ရက်က သိန္နီမှာ တရုတ်စာသင်တဲ့ ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်သွားတဲ့ ဖြစ်စဥ်တစ်ခုရှိခုရှိခဲ့ပြီး အခုသေဒဏ်စီရင်တဲ့အချိန်မှာ အဲဆရာမကို အဓမ္မပြုကျင့်သတ်ဖြတ်သူတွေလည်း ပါဝင်နေတယ်လို့ အဲသတင်းရင်းမြစ်က ဆက်ပြီးပြောပါတယ်။
သေဒဏ်စီရင်တဲ့ အခမ်းအနားကို ရာနဲ့ချီတဲ့ ပြည်သူလူထုတွေ တက်ရောက်ခဲ့ပြီး အခုချိန်ကစလို့ ဥပဒေကို ဖောက်ပြန်ကျူးလွန်သူ ဘယ်သူမဆို ပြင်းထန်စွာ အပြစ်ပေးခံရမှာဖြစ်ကြောင်း တာဝန်ရှိသူက အခမ်းအနားမှာ ပြောကြားသွားခဲ့ပါတယ်။
ကိုးကန့်တပ်ဟာ ပြစ်မှုကျူးလွန်သူတွေကို အများပြည်သူရှေ့မှာ သေဒဏ် မကြာခဏစီရင်ရှိခဲ့ဖူးပြီး အဲဒီအပေါ်မှာ လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့က ကန့်ကွတ်ခဲ့ရှုတ်ချခဲ့ကြပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။