မိုင်းရူပ၊ စက်တင်ဘာ ၂၅ ရက်
ကရင်နီပြည် ဒီးမော့ဆိုမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်ဟာ ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေလို့ မြေပြင်သတင်းအရင်းမြစ်တချို့က ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုကနေ ဖရူဆိုမြို့နယ်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းဟာ ဖရူဆိုမြို့အနီးကို ရောက်ရှိလာပြီလို့ ဆိုပါတယ်။
“မနေ့ညတစ်ညလုံး၊ ဒီနေ့ စက်တင်ဘာ ၂၅ ရက် မနက်အထိ တိုက်ပွဲ ဖြစ်နေတယ်။ စစ်ကောင်စီက ဒီးမော့ဆိုကနေ ဖရူဆိုမြို့နယ်ဘက်ကို ထိုးနေတာ” လို့ မြေပြင်အခြေအနေ သိရှိသူ ဒီးမော့ဆိုဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကရင်နီပြည် တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ကလည်း စစ်ကောင်စီတပ်ဟာ ဒီးမော့ဆို-ဖရူဆို-ထားလဲ လမ်းပိုင်းကို စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေပြီး လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ပြုလုပ်နေတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် လူထုတွေ အနေနဲ့ အဲဒီလမ်းပိုင်းကို မသုံးမပြုကြဖို့နဲ့ အရေးကြီးကိစ္စရှိရင် တော်လှန်ရေးတပ်တွေထံ မေးမြန်းပြီးမှသာ ဖြတ်သန်း သွားလာကြဖို့ ကရင်နီပြည် တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က တိုက်တွန်းထားပါတယ်။
ကရင်နီ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ကို စစ်ကောင်စီတပ်ဘက်ကတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။