အိုက်ပွီး၊ စက်တင်ဘာ ၂၄ ရက်၊ မောင်တော
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂြစ်ချောင်းရွာမှာ ဒီနေ့ စက်တင်ဘာလ ၂၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီ၊ ၃၀ မိနစ်အချိန်ခန့်မှာ မြေမြှုပ်မိုင်းနင်းမိလို့ မြိုအမျိုးသားတစ်ဦး ညာခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့မနက် တောင်ယာသွားရင်းအပြန် တောင်ယာအနားမှာ တောဝက်ကိုင်းထောင်တာကို သွားကြည့်ရင်း မိုင်းနင်းမိသွားတာပါ။ မိုင်းနင်းတဲ့ ညာဘက်ခြေထောက်က ပြတ်သွားပြီး ပြင်းထန်ဒဏ်ရာရသွားတယ်။”ဟု ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မိုင်းနင်းဒဏ်ရာရရှိသူဟာ ဂြစ်ချောင်းရွာမှ အသက် (၂၁) နှစ်အရွယ် မောင်ရွေဟက်ဖြစ်ပြီး ၎င်းကို ကြိမ်ချောင်းတိုက်နယ်ဆေးရုံကို ပိုဆောင်ပေမယ့် ဆေးရုံက လက်မခံတဲ့အတွက် မောင်တောမြို့ ဆေးရုံကို ပို့ဆောင်ရမယ်လို့ သိရပါတယ်။
“ကျတော်တို့ ကြိမ်ချောင်း တိုက်နယ်ကို ပို့တယ်။ ဆေးရုံမှာ ဆေးမရှိလား။ ပြင်းထန်ဒဏ်ရာဖြစ်လို့လားမသိဘူး။ ဆေးရုံကလက်မခံဘူး။ မောင်တောကိုပို့ရမယ်ပြောတယ်။ မောင်တောကို ပို့ဖို့ စီစဥ်နေပါတယ်။”လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီမိုင်းနင်းတဲ့နေရာမှာ အရင်က တိုက်ပွဲတွေဖြစ်တာမရှိသလို စစ်ကောင်စီ တပ်စခန်းတွေလည်းမရှိဘူးကြောင်း အာရက္ခတပ်တော် (ULA/AA) နဲ့ ARSA တို့ရဲ့ မိုင်းဖြစ်နိုင်တယ်လို့ မောင်တောဒေသခံတွေက သုံးသပ်ပြောဆိုထားပါတယ်။
မောင်တောမြို့နယ်ဟာ အာရက္ခတပ်တော်(ULA/AA) ထိန်းချုပ်ထားတဲ့မြို့နယ်ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။