ရဲမာန်၊ စက်တင်ဘာ ၂၂ ရက်၊ မော်ချီး
ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ခဲတွင်းပြိုကျလို့ လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက် ည ၁၁ နာရီမှာ မော်ချီးဒေသ သားအိုခဲတွင်းမှာ မြေပြိုကျမှုဖြစ်ပွားပြီး လူ ၃ ဦးဟာ မြေစာနဲ့အတူ နစ်မြုပ်သွားခဲ့တယ်လို့ ၎င်းကပြောပါတယ်။
“တစ်ယောက်ကယ်နိုင်တယ်။ ၂ယောက်ကတော့ ပုပ်ပြီလေ။ ကျနော်တို့အခေါ် ရှေ့တန်းမှူး ဆရာပေါ့နော်။ သူကအမိန့်ပေး ကလေးတွေကလုပ်။ တွင်းပြိုကျတော့ အမိန့်ပေးသူက အရင်သေတာ”
ခဲတွင်းပြိုကျမှုကြောင့် လွိုင်ကော်မြို့က အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုအောင်ဟိန်းဝေဆိုသူ သေဆုံးခဲ့ရပြီး နောက်တစ်ဦးကိုတော့ ရွှေဖီမြေအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အခုလိုမျိုး ခဲတွင်းပြိုကျမှုဖြစ်စဉ်ကို အရင်တုန်းလည်း ဖြစ်ခဲ့ဖူးတယ်လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက် ညပိုင်းမှာ မော်ချီးဒေသ အမှတ် ၅၁ ရပ်ကွက်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုကျမှုကြောင့် အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သလို နေအိမ် ၅ လုံးလည်း ပျက်စီးသွားခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။