မြတ်နိုး၊ စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့အနီးရှိ ကဆုန်ရွာထဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ အမျိုးသမီးငယ် ၁ ဦး ဖြစ်တဲ့ မရွယ်ဂျာဆိုသူကို ထိမှန်သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကဆုန်ရွာမှာ လေယာဉ် ဗုံးလာကြဲလို့ ကျမ သူငယ်ချင်း အသက် ၂၀ ပဲ ရှိသေးတယ်။ သေဆုံးသွားတယ်။ တခြားသူတွေတော့ မထိဘူး။ အဲတစ်ယောက်ပဲ ထိသွားတာ။ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီကျော်ဝန်းကျင်က ကြဲသွားတာ”လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
အဲဒီ မိန်းကလေးက ပထမအကြိမ် လေယာဉ် ရောက်လာတော့ ကတုပ်ကျင်းထဲ ပုန်းနေရာကနေ လေယာဉ် ပြန်သွားလို့ ကတုပ်ကျင်းထဲက နေထွက်လာပြီး စာရွက်စာတမ်းတွေ ပြန်သွားသိမ်းယူနေချိန် လေယာဉ် ပြန်လှည့်လာပြီး ဒုတိယ တစ်ခေါက် ဗုံး လာကြဲရာမှာ ထိသွားတာလို့ သူက ပြောပါတယ်။
လေယာဉ်ဗုံးကြောင့် သူနဲ့ အတူ ရပ်နေတဲ့ ယောက်ျားလေး တစ်ဦးက ဝပ်လိုက်လို့ အနည်းအကျဉ်းသာ ထိသွားပေမယ့် အဲဒီ မိန်းကလေးရဲ့ ကျောကုန်း နောက်ခြမ်း တခုလုံးက ပေါက်ပြဲ စုတ်ပြတ် သွားခဲ့တယ်လို့ သူက ပြောပါတယ်။
“ကဆုန်ရွာက နမ္မတီးနဲ့ သိပ်မဝေးဘူး။ တိုက်ပွဲတွေ ဖြစ်တော့ အဲဒီ ရွာက ဒေသခံတွေက နမ္မတီးမှာ စစ်ရှောင်နေကြတာ။” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
စစ်ရေးအခြေအနေကြောင့် ဒေသခံတွေက ခဏတဖြုတ် အိမ်ပြန်ကြည့်၊ ခြံသွားလောက်ပဲ လုပ်ကြပြီး ကြာကြာ သွားရောက်နေထိုင်သူတွေ မရှိကြဘူးလို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။