ရဲမာန်၊ စက်တင်ဘာ ၁၈ ရက်၊ လောင်းလုံး
တနသင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဝေဒီရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု ကော်မတီ – DDMSC မှ ထုတ်ပြန်ထားပါတယ်။
မနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ထားဝယ်လေယာဉ်ကွင်းက တက်လာတဲ့ Y-12 လေယာဉ်နဲ့ ၁၂၀ မမ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု ကော်မတီရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဘွန်းက ရွှေဖီမြေကို ပြောပါတယ်။
“မိသားစုအရေအတွက်တော့ ကျနော်မသိဘူး။ အခု သေဆုံးသွားတာကြတော့ အဲဒီမိသားစုမှာရှိတဲ့ အမေနဲ့ သမက် ဖြစ်သူ သေဆုံးသွားတာ”
သေဆုံးသွားသူတွေကတော့ အသက် ၆၀ အရွယ်ရှိ ဒေါ်တင်ရှိန်နဲ့ အသက် ၃၄ နှစ်အရွယ်ရှိ ကိုဝေယံဖြိုး တို့ဖြစ်ပြီး၊ အသက် ၆၀ အရွယ်ရှိ ဦးယူစိန်၊ အသက် ၃၀ အရွယ်ရှိ သမီးဖြစ်သူ၊ အသက် ဆယ်နှစ်အောက်ရှိ မြေးဖြစ်သူ ကလေးငယ် ၂ ဦးနဲ့ တခြား ကလေးငယ် ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
“ထားဝယ်မြို့နယ်ထဲကို အရင်ကြဲတယ်။ ပြီးတော့ သရက်ချောင်းနဲ့ လောင်းလုံးကို ကြဲတယ်။ သရက်ချောင်းနဲ့ လောင်းလုံးကြတော့ ထားဝယ် မျဉ်းလေးဘဲ ခြားတာ” လို့ ၎င်းက ဆက်ပြောပါတယ်။
ထားဝယ်၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်အတွင်းရှိ ပကာရီ၊ ပခပ်၊ ရေဝိုင်း၊ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုး၊ ဝေဒီ၊ သပြေရှောင်၊ ကြက်ယက်တွင်း၊ ကျောက်တွင်း စတဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။