ရဲမာန်၊ စက်တင်ဘာ ၁၈ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက်၊ ၁၇ ရက်နဲ့ ဒီနေ့ ၁၈ ရက်တို့မှာ စက်တပ်လေထီး (paramotor) နဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၁၀ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က မြိုင်မြို့နယ် ကျောက်ခွက် ကျေးရွာကို စက်တပ်လေထီး (paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
“ဒီနေ့ကြဲတာလဲ အရင်နေ့က နေရာဝန်းကျင်ပါပဲ။ ထိခိုက်မှုအသေးစိတ်တော့ မသိရသေးဘူး။ ဟိုနေ့ကလည်း ဆူးဝင်းရွာနား မှော်ထဲ ကြဲတာ။ ထိခိုက်မှုတော့ မရှိဘူး”
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ စစ်တပ်က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ ပြာ၊ ရှခွလေး၊ မုန်တော၊ ကမ်းပျိုနဲ့ သနပ်ပင်ရွာ စတဲ့ ပေါက်အရှေ့ခြမ်းရှိ ကျေးရွာတွေကို ဗုံးအလုံးရေ ၅၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီခန့်က ပေါက်မြို့နယ် စံဖဲရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။