ရွှေဖီမြေ၊ စက်တင်ဘာ ၁၄ ရက်၊ သပိတ်ကျင်း
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြာရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးသေဆုံးခဲ့တယ်လို့ မန္တလေး-PDFက သတင်း ထုတ်ပြန်ထားပါတယ်။
မနေ့ စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်မှ စစ်တပ်က Y -12 လေယာဉ်နဲ့ ဗုံးသီး ၄၀ ကြဲတိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့တဲ့အပြင် ၃ ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျောက်ဖြာရွာနဲ့ အလားတူ ညောင်ပင်သာရွာကို စစ်တပ်က မနေ့ စက်တင်ဘာ ၁၃ နေ့လယ် ၁၂ နာရီခွဲကျော်မှာလည်း ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် နေ့လည် ၃ နာရီ ၁၅ မိနစ်မှာလည်း စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ် ကမ်းပါနီကျေးရွာထဲကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။
သပိတ်ကျင်းနယ်ထဲကနေ မိုးကုတ်-မန္တလေးလမ်း စိုးမိုးနိုင်ဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး လေကြောင်းတွေနဲ့ပါ တိုက်ခိုက်နေလို့ ဒေသခံတွေ ထိခိုက်သေဆုံးနေတာတွေ နေ့စဉ်လိုလိုရှိနေပါတယ်။
ဒါ့အပြင် တိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီလည်း တောတွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။