ပြီးခဲ့တဲ့ သြဂုတ်လကုန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံကို သွားခဲ့တဲ့ ခရီးစဉ်ဟာ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီဘက်ကို အခိုင်အမာ ရပ်တည်ကြောင်း ပိုပြီးမြင်သာစေခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ရဲ့ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံ ခရီးစဉ်ဖြစ်ပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ပါ တွေ့ခွင့်ရခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရစစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်က ထောက်ခံကြောင်းနှင့် ရှမ်းမြောက်မှာ လှုပ်ရှားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို တရုတ်ရဲ့ ဖိအားပေးမှုအပေါ် စစ်ခေါင်းဆောင်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်ရဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကို တိုက်ပွဲရပ်ဖို့ ဖိအားပေးအကြပ်ကိုင်မှုဟာ မြောက်ပိုင်းမဟာမိတ်တပ်တွေအပြင် မြန်မာတော်လှန်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်တွေအပေါ် တရုတ်ရဲ့ အကြပ်ကိုင် ဖိအားပေးမှု
အရှိန်ရနေတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီရဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) က တိုက်ခိုက်သိမ်းနိုင်ပြီးနောက် ညီနောင်မဟာမိတ် ၃ ဖွဲ့က တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကို စတင်ကြုံတွေ့ခဲ့ပါတယ်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက ဖမ်းဆီးထားပြီး စစ်ကောင်စီကို ဆက်မတော်လှန်ဖို့ အကြပ်ကိုင်ခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံထဲမှာရှိတဲ့ ကိုးကန့်တပ်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တရုတ်နိုင်ငံဘက် သိမ်းဆည်းထားတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။
ဒါကြောင့် ကိုးကန့်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်ခဲ့ရပြီး လားရှိုးမြို့ကိုပါ စစ်တပ်ကို ပြန်ပေးခဲ့ရပါတယ်။
လက်ရှိအချိန်အထိ ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က ပြန်လွှတ်ပေးခဲ့ပေမယ့် ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်တွေဖြစ်တဲ့ TNLA၊ ရှမ်းတပ် (SSPP) နဲ့ MNDAA တပ်တွေကို စစ်ရေးအကူအညီနှင့် ငွေကြေးအကူအညီ မပေးတော့ကြောင်း “ဝ” တပ်ဖွဲ့ (UWSA) က ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်မှာ ထုတ်ပြောထားပါတယ်။
UWSA ဘက်က မဟာမိတ်တပ်တွေကို အကူအညီ မပေးတော့ကြောင်း ထုတ်ပြောတာဟာ တရုတ်နိုင်ငံရဲ့ ဖိအားကြောင်းဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေ သုံးသပ်ကြပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မဟာမိတ်တပ်တွေကို UWSA က စစ်ရေးကူညီမှု မရပ်တန့်ပါက တရုတ်ရဲ့ ဖိအားပေးမှုတွေ ပိုပြင်းထန်လာနိုင်ပြီး ဝပြည်နယ်ရဲ့ နှစ်ပေါင်း ၄၀ ကျော်အတွင်း အကြီးမားဆုံး သေရေးရှင်ရေးပြသနာ ဖြစ်လာနိုင်ကြောင်း UWSA ရဲ့ ဒုဥက္ကဌ ကျောက်ကော်အန်းက MNDAA၊ TNLA၊ SSPP တို့နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ UWSA ရဲ့ ခေါင်းဆောင်ပိုင်းတချို့ကို တရုတ်က ဖမ်းဆီးထားသလို၊ တရုတ်နိုင်ငံထဲက ဒေါ်လာသန်းဘီလီယံနဲ့ချီတဲ့ ဝတပ်ရဲ့ ပိုင်ဆိုင်မှုတွေကို တရုတ်က သိမ်းဆည်းထားကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
တရုတ်ရဲ့ ဖိအားပေးမှုဟာ မြောက်ပိုင်းမဟာမိတ်တပ်တွေအပြင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးတပ်တွေအပေါ်မှာလည်း သက်ရောက်မှု ကြီးမားခဲ့ပါတယ်။
စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ နွေဦးတော်လှန်တပ် အများစုဟာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ စစ်ရေးအကူအညီရယူပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
တရုတ်ရဲ့ ဖိအားကြားက ရှမ်းမြောက်ဘက် ပြင်းထန်လာတဲ့ စစ်တပ်ရဲ့ ထိုးစစ်
၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်မှာ မြို့ပေါင်း ၂၀ ကျော်ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ မူဆယ်၊ မိုင်းရယ်နဲ့ တန်ယန်းမြို့ပေါ်တွေကိုသာ ထိန်းချုပ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါပေမယ့် တရုတ်အကူအညီနဲ့ လားရှိုးမြို့ကို စစ်တပ် ပြန်ရခဲ့သလို၊ တအာင်းတပ်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ရေးနည်းနဲ့ ပြန်တိုက်ယူနိုင်ခဲ့ပါတယ်။
တရုတ်ရဲ့ ဖိအားကြားမှာ MNDAA က အပစ်ရပ်ထားရသလို၊ UWSA ရဲ့ စစ်ရေးအကူအညီ ရပ်တန့်ခံထားရတဲ့ အခြေအနေမှာ တအာင်းတပ်ဘက်က စစ်ကောင်စီကရဲ့ ထိုးစစ်ဆင်မှုတွေကို အပြင်းအထန် ခုခံနေရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ပေါ်ကို ဆက်လက်ထိုးစစ်တိုက်ခိုက်နေပြီး ကျောက်မဲမြို့နှင့် ဆယ်မိုင်ကျော်အကွာ အထက်ရဲရွာ လမ်းခွဲမှာ စစ်ကောင်စီနှင့် တအာင်းတပ်အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ကျောက်မဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်အင်အားရာနဲ့ချီ အသုံးပြုပြီး ထိုးစစ်ဆင်နေသလို၊ ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတွေကို အဓိက အသုံးပြုတိုက်ခိုက်နေပါတယ်။
တအာင်းတပ်ဘက်က စစ်ကောင်စီတပ်ကို ဆက်လက်ခုခံနေပေမယ့် လက်နက်ခဲယမ်းမမျှတမှုကြောင့် စစ်တပ်ရဲ့ ထိုးစစ်ကို ဆက်လက်ခုခံဖို့ ခက်ခဲလာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေ သုံးသပ်ကြပါတယ်။
ကျောက်မဲမြို့ကို စစ်တပ် ပြန်သိမ်းနိုင်ခဲ့ရင် ကျောက်မဲ-မိုင်းလုံ၊ ကျောက်မဲ-နမ့်ဆန်နဲ့ ကျောက်မဲ-သီပေါသွားတဲ့ လမ်းပိုင်းတွေကို စစ်ကောင်စီတပ်ဘက်က ဆက်လက်ထိုးစစ်တိုက်ခိုက်နေလာနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံရဲ့ ဖိအားကြားမှာ ရှမ်းမြောက်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေဟာ စစ်တပ်ရဲ့ ထိုးစစ်ကို ဆက်လက်ခုခံရဖွယ် ရှိနေပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် စစ်ကောင်စီက နယ်မြေရသလောက် ပြန်ယူချင်တဲ့အခြေအနေပါ။
ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်မှုတွေ ပြန်လုပ်နေပြီး နယ်မြေတချို့ ပြန်သိမ်းနိုင်တာတွေ ရှိခဲ့ပါတယ်။
စစ်တပ်ဘက် အခိုင်အမာရပ်တည်ကြောင်း ပြသလာတဲ့ တရုတ်နိုင်ငံ
စစ်တပ်အာဏာသိမ်းပြီးနောက်၊ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု မလုပ်တဲ့ တရုတ်နိုင်ငံသာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ပြီးနောက် စစ်တပ်ဘက် ရပ်တည်ကြောင်း ပိုပြသလာခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေ မစုစည်းနိုင်မှုဟာ စစ်ကောင်စီကို အပြုတ်တိုက်ဖို့ မဖြစ်နိုင်ဘဲ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ကို ပိုကြာရှည်လာနိုင်ကြောင်း တရုတ်က ရှုမြင်ပြီး စစ်တပ်ဘက်ကို ရပ်တည်လာတာလို့ နိုင်ငံရေးအကဲခတ်တချို့ သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံဘက်က မြန်မာပြည်တွင်း အမြန်ငြိမ်းချမ်းပြီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအပါအဝင် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ စီမံကိန်းတွေကို ပြန်စချင်နေတာ တွေ့ရပါတယ်။
ဒါကြောင့် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ထောက်ခံကြောင်း မကြာခဏ ထုတ်ပြောပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား စေ့စပ်ညှိနှိုင်းရေးကို လိုလားပုံရပါတယ်။
ရွေးကောက်ပွဲလုပ်ပြီး မြန်မာနိုင်ငံကို ရေရှည်အုပ်ချုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီ
နိုင်ငံအာဏာကို သိမ်းထားတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရဖို့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။
စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲကို တရုတ်နိုင်ငံ အပါအဝင် ရုရှားစသည့် စစ်အာဏာရှင်တို့အုပ်စိုးတဲ့ နိုင်ငံတွေက အသိအမှတ်ပြုကြောင်း ထုတ်ပြောထားပါတယ်။
စစ်တပ်ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ၊ စစ်တပ်ကျောထောက်နောက်ခံ ပြုထားတဲ့ ကြံ့ခိုင်ရေးပါတီ (USDP) က ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ကို ပါတီဝင်ဦးရေ မပြည့်ဘူးဆိုပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းထားပါတယ်။
ဒါဟာ လာမယ့် ရွေးကောက်ပွဲမှာ စစ်တပ်ကြီးစိုးတဲ့ USDP ပါတီက ပြိုင်ဘက်ကင်းကင်းနဲ့ မြန်မာနိုင်ငံကို ရှေရှည်အုပ်ချုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ခြေလှမ်းလို့ သုံးသပ်ရပါတယ်။
နိုင်ငံတကာအသိအမှတ်ပြုမှုရယူကာ စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲကို အသုံးချပြီး နိုင်ငံကို ရေရှည်အုပ်ချုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ခေါင်းဆောင်ခြေလှမ်းဟာ တော်လှန်ရေးအင်အားစုတွေဘက်က မစုစည်းနိုင်ခြင်းဟာ အားနည်းနေတဲ့ လက်ရှိတော်လှန်ရေး အခြေအနေကို သက်သေပြနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။