ရွှေဖီမြေ၊ ဇန်နဝါရီ ၉ ရက်၊ သီပေါ
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်မှာ အဓမ္မပြုကျင့်မှုနဲ့ ဓားပြတိုက်မှု ကျူးလွန်ခဲ့သူ ၇ ဦးထဲက အမျိုးသား ၃ ဦးကို ဖမ်းမိခဲ့ကြောင်း TNLA က မနေ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှာ ပြစ်မှု ကျူးလွန်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် ဦးအောင်နိုင်စိုး၊ ၄၂ နှစ်အရွယ် ဦးရဲဟိန်းနဲ့ ၂၉ နှစ်အရွယ် ဇင်မင်းပိုင်တို့ကို TNLA ရဲ့ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့က AAA ဓာတ်ဆီဆိုင်ရှေ့ ဆန်စက်ရုံမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိတဲ့ အဲဒီအမျိုးသား ၃ ဦးထဲမှ ဦးအောင်နိုင်စိုးဆိုသူဟာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှာ တပ်ကြပ်ကြီးစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဝန်ထမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဦးအောင်နိုင်စိုးနဲ့အတူ RPG7 ၁ လုံး၊ စကားပြောစက် အထိုင် ၁ လုံး၊ MA3 ကျည် ၄၇ ထောင့်၊ စလက်ကျည် ၁၉ ထောင့်၊ 60MM ၃ လုံး၊ M9 ၂ လုံး၊ M9 ပြူ ၇ ခု၊ ဘိန်းဖြူ ၁ ဘူး၊ ဘက်ထရီ W27000 Mah ၁ လုံး၊ ရာမ (မူးယစ်ဆေးပြား)ဗူးခွံ အလုံး ၂၀ ၊ ဓားအတို ၁ လက် စတဲ့သက်သေခံပစ္စည်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အထက်ပါ အမျိုးသား ၃ ဦးနဲ့အတူ ပြစ်မှုကျူးလွန်ခဲ့တဲ့ ဝေဖြိုးအောင်၊ ငဖြိုး၊ အသားတု၊ ဇွဲပိုင်ထွန်းတို့ ၄ ဦးကတော့ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ အမျိုးသား ၃ ဦးကို PSLF/TNLA ရဲ့ သီပေါမြို့ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့က ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာြဖစ်ပြီး လွတ်မြောက်နေသူ ၄ ဦးကိုလည်း အမြန်ဆုံး ဖမ်းမိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ TNLA က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း သီပေါမြို့နယ် ကျင်တီရွာမှာ အင်တာနက်လိုင်းသုံးဖို့ သွားတဲ့ အမျိုးသားတစ်ဦး လမ်းမှာ ဓားပြတိုက်ခံခဲ့ရပြီး ဖုန်း ၂ လုံး၊ ကားအပြင် ငွေသား အနည်းငယ်လည်း ပါသွားတယ်လို့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။