ရဲမာန်၊ စက်တင်ဘာ ၁၁ ရက်၊ မတ္တရာ
မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီလည်းလိုအပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၁ ရက်မှာ ဒေသခံပြည်သူတွေ စတင်တိမ်းရှောင်နေရပြီး အခြေခံစားသောက်ကုန်နဲ့ ငွေရေးကြေးရေး အခက်အခဲဖြစ်နေတာကြောင့် အကူအညီလိုအပ်နေတယ်လို့ ၎င်းက ပြောပါတယ်။
“တဲတွေဆောက်ပေးဖို့လိုအပ်တယ်။ နောက်ပြီးတော့ သူတို့ပစ္စည်းရွေ့ပေးဖို့ ကားနဲ့ ဆီဖိုးတွေ လိုအပ်တယ်။ ပြည်သူတွေတချို့ဆိုငိုနေကြတာဗျာ။ စစ်ရှောင်ချင်တာ။ ငွေမတတ်နိုင်တာတို့ ကားဖိုးတွေမတတ်နိုင်တာတို့ မြင်တွေ့နေရတာဗျာ”
စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေဟာ မတ္တရာမြို့နယ်ထဲက မြောင်းသစ်၊ ကျပ်ပြင်၊ မကြီးကုန်း၊ ကင်း၊ ညောင်ပင်သာ၊ ရွာကြီးကုန်းနဲ့ ကျွဲကျရွာစတဲ့ကျေးရွာတွေဟာ စစ်ရှောင်နေရတာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“တချို့က အမျိုးတွေရှိတဲ့နေရာ တချို့ကျတော့လယ်ကွက်အလွတ်တွေ တောထဲတွေ ရှောင်နေကြတယ်” လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်မှာ စစ်တပ်က မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတာကြောင့် ဇရပ်ကွင်းကျေးရွာအပါအဝင် ၅ ရွာထက်က စစ်ရှောင်ထောင်နဲ့ချီဟာလည်း စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။