စက်တင်ဘာ ၁၂၊ ရွှေဖီမြေ
ပြီးခဲ့တဲ့ စက်တင်ဘာ ပထမပတ်အတွင်း အွန်လိုင်ရလူမှုကွန်ရက်တွေမှာ ပြန်နှံ့နေခဲ့တဲ့ စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ လူတစ်စုက အမျိုးသားတစ်ဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ တရုတ်ပြည်ထဲမှာ ကျားဖြန်လုပ်ကိုင်သူတွေက လိမ်လည်ရိုက်ကူးထားတာဖြစ်ကြောင်း ရွှေဖီမြေက စုံစမ်းသိရပါတယ်။
အဲရုပ်သံမှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် ဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးပါဝင်ပြီး ကျန်သူတွေကတော့ ပျောက်ကျားဝတ်ဆုံကိုယ်စီဝတ်ဆင်ထားတာ ဖြစ်ပါတယ်။
“အဲဗီဒီယိုတက်တက်ချင်း ဒီကောင်တွေပဲဆိုတာ သိတယ်။ သူတို့က မြန်မာနိုင်ငံသားတွေကိုပဲ ငှါးပြီးရိုက်ကြတာ။ အဓိက သူတို့တရုတ်ပြည်ထဲကလူတွေ ယုံအောင်ပေါ့။ အဓိက ကျောက်တွေ ခိုးသွားလို့ ဒါမှမဟုတ် ကျောက်တွေ လိမ်ယူသွားလို့ လူတွေကို ရိုက်တာတို့ နှိက်စက်တာတို့ ပုံစံမျိုးစုံနဲ့ရိုက်တာ။ အဲတာ တစ်ခါသွားရိုက်ရင် တရုတ်ငွေ ယွမ် (၂၀၀) ယွမ်(၂၅၀) အဲလိုရကြတယ်။ ပြီးရင် အဲဗီဒီယိုတွေကို WeChatမှာတို့ ဒုံရင်းမှာတို့ တင်ကြတယ်။ အဲကနေ သူတို့ကျောက်တွေကို ပြန်လိမ်ရောင်းကြတာ”လို့ ဒီဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အဲဒီသွားရောက်ရိုက်ကူးခံကြရတဲ့ လူတွေထဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး ဦးဆောင်သူတွေဟာ တရုတ်လုပ်ငန်းရှင်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
“အရင်က ပြည်သူ့စစ်ဝတ်စုံတင်မဟုတ်ဘူး။ လက်နက်ကိုင်ဝတ်စုံတွေကော သုံးတယ်။ အဲတာ သူတို့ကို သွားဖမ်းပြီးတော့တောင် အဲဝတ်စုံတွေ မဝတ်ဖို့ သတိပေးရသေးတယ်။ သေနတ်ကလည်း အတုတွေပဲ။ လူစိတ်ဝင်စာအောင်လုပ်ပြီး မြန်မာပြည်ထဲကဖြစ်သလိုလိုနဲ့ သူတို့တရုတ်တွေကို လိုင်းပေါ်ကနေ ကျောက်တွေ ပြန်လိမ်ရောင်းကြတာ”လို့ ဆိုပါတယ်။
အခုရုပ်သံမှာ ပါဝင်တဲ့ ဝတ်စုံဝတ်ဆင်ထားခြင်းမရှိတဲ့ အမျိုးသားကို ပျောက်ကြားဝတ်စုံဝတ််ဆင်ထားတဲ့ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်တယ်ဆိုပေမယ့် သေချာကြည့်ရင် အမှန်အဓမ္မပြုကျင့်တာ မဟုတ်ဘဲ လုပ်ကွက်ဆိုတာ သိနိုင်တယ်လို့ ဆိုပါတယ်။
ဒီလိုဖြစ်စဉ်တွေဟာ တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ရွှေလီထဲမှာ အများဆုံးရိုက်ကူးကြတာဖြစ်ပြီး တရုတ်ပြည်ဘက်ခြမ်းနေသူအများစုကတော့ ဒီလိုဗီဒိယိုဖိုင်ကို မကြာခဏတွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။
ဒီဗီဒီယိုပြန့်နှံ့ပြီးနောက် မြန်မာပြည်တွင်းရှိ လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်ကိုထောက်ခံတဲ့ စစ်လော်ဘီတွေကြား အပြန်အလှန်စွတ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။