ရွှေဖီမြေ၊ စက်တင်ဘာ ၁၁ ရက်၊ ကလေးမြို့
စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းစောင်းပုရွာသစ်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ကလေး (ဒကစ ကလေး) လက်အောက်ခံ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၀)က ဗိုလ်မှူး ရဲမျိုးမင်းနဲ့ ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးဆောင်တဲ့ ခြေမြန်တပ်ရင်း (ခမရ ၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆက်သွယ်ရေးတပ်(ဆသရ-၆)၊ ခြေလျင်တပ်ရင်း(ခလရ ၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားများဖြစ်တဲ့ ကသည်း (ULFA)နဲ့ နာဂ (NSCN) သူပုန်တပ်ဖွဲ့တွေ ပါဝင်တဲ့ အင်အား ၁၃၀ ခန့် ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် MA-1 (၃) လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ 7.62 ကျည် (၂၇၇) တောင့်၊ 5.56 ကျည် (၈၉) တောင့်၊ RPG ဗုံးသီး (၁) လုံး၊ RPG ပို့ယမ်း (၃) ခု၊ နင်းမိုင်း (၁၂) ခု၊ မိုင်းရှင်းစက် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၁၉) ခုနဲ့ မူးယစ်ဆေးဝါး အမျိုးအစား ၃ မျိုး သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်ကစတင် ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီးတိုက်ပွဲအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး ကလေးခရိုင်အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းထဲမှာအိန္ဒိယ နိုင်ငံသားတွေဖြစ်တဲ့ ကသည်း (ULFA)နဲ့ နာဂ (NSCN) သူပုန်တပ်ဖွဲ့တွေလည်း ပါဝင်လာနေတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း စစ်ကောင်စီတပ်သား ၁ ဦး၊ အလောင်း ၃ လောင်းနဲ့လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးတဲ့ ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ Zoland PDF ပူးပေါင်းအဖွဲ့တို့က တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။