ဓာတ်ပုံ – Telegram

မိုင်းအနိုင်၊ ရွှေဖီမြေ

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယအပတ်မှာ နောင်ချိုမြို့ကို တအာင်းတပ် – TNLA ထံ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိနေတဲ့ TNLA ထိန်းချုပ်ထားတဲ့ နောက်ထပ်မြို့တစ်မြို့ဖြစ်တဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်နိုင်ဖို့ ခပ်မြန်မြန်နဲ့ လှုပ်ရှားခဲ့ပါတယ်။

နောင်ချိုကနေ ပြန်လည်ဆုတ်ခွါခဲ့ရတဲ့ TNLA တပ်ဟာ စစ်ကောင်စီထိုးစစ်ဆင်လာနိုင်တဲ့ ဂုတ်တွင်းမှာ ခံစစ်အခိုင်အမာ ပြုလုပ်ထားပြီး တောင်ခမ်းကနေ နောင်ချို၊ နောင်ချိုကနေ ကျောက်မဲထိ တိုက်ပွဲအနားယူခဲ့ခြင်းမရှိသေးတဲ့ TNLA တပ်ဟာ ခိုင်မာတဲ့ ခံစစ်အနေအထားကို ပြုလုပ်ထားကြပြီး အနားယူခဲ့ကြပါတယ်။

ဒါပေမယ့် TNLA ခံစစ်စည်းလုပ်တဲ့နေရာမှာ ဟာကွက်ရှိနေခဲ့ကာ အဲဒီဟာကွက်နေရာမှာ ရှမ်းပြည်တပ်မတော် – SSPP ထိန်းချုပ်တဲ့နေရာဖြစ်ပြီး SSPP အနေနဲ့ သူတို့ ထိန်းချုပ်နေရာဒေသနယ်တွင်းမှာ TNLA တပ်အပါအဝင် တော်လှန်ရေးတပ်တွေ မဝင်ရောက်ဖို့ ပိတ်ပင်ထားပြီး အဲဒီဒေသတွေထဲကို စစ်ကောင်စီတပ်အနေနဲ့လည်း မဝင်မရောက်လာစေဖို့ တာဝန်ယူထားမယ့်အကြောင်း ခံစစ်လုပ်ဖို့ သွားညှိချိန်မှာ SSPP က ထုတ်ပြောခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

နောင်ချိုမြို့ကို သိမ်းယူပြီးနောက် လက်နက်၊ အင်အား အပြည့်အစုံနဲ့ ထိုးစစ်အရှိန်ရနေတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ကို ထိုးစစ်ဆင်ဖို့ SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာကို နောင်ချိုမြို့နယ် ကုန်းစံရွာကနေ ချောင်းကူးလာခဲ့ကြောင်း စစ်ကောင်စီတပ်ဘက်က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဟာ နောင်ချိုနယ် ကုန်းစံရွာကနေ ဒုဌဝတီမြစ်ကို ကူးခဲ့ပြီး ထန်းတပင်နဲ့ ခဲတုံကြိုင်မှာ လူအင်အားစုဆောင်းခဲ့ပြီး နောင်ပိန်၊ ကောင်းပိုဘက်ကို နောင်ချိုသိမ်းယူပြီး ၁ လအကြာ ဩဂုတ် ၁၉ ရက်နေ့မှာ ထိုးစစ်စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အင်အားအများအပြားနဲ့ လက်နက်ခဲယမ်းလုံလောက်မှုရှိတယ်လို့ ယူဆရတဲ့အခြေအနေမှာ ထိုးစစ်ဆင်လာတာဖြစ်ပြီး TNLA တပ်အနေနဲ့ လုံးဝမျှော်လင့်မထားတဲ့နေရာကနေ စစ်ကောင်စီထိုးဖောက်ဝင်ရောက်လာတာကြောင့် အလစ်ငိုက်ပြီး စစ်ကောင်စီရဲ့ ထိုးစစ်ကို ခံခဲ့ကြရပါတယ်။

နောင်ပိန်ရွာကို စစ်ကောင်စီတပ်အနေနဲ့ ထိုးစစ်ဝင်ရောက်လာချိန် လေကြောင်းအားကို အဓိကရယူပြီး တိုက်ခိုက်ခဲ့ပြီး နောင်ပိန်ဘုန်းကြီးကျောင်းထဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၂၀ ဦး အနည်းဆုံး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပါတယ်။

နောင်ပိန်ရွာကနေ ကျောက်မဲဘက်ကို ဦးတည်လာနေတဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ဟာ ပင်တိန်လမ်းခွဲနဲ့ ဂုတ်တွင်းအပေါ်ရှိ နောင်ပြစ်ရွာလမ်းခွဲကို အဓိက ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိ တိုက်ပွဲဖြစ်ပွါးလာတဲ့ ၃ ပတ်ကျော်အထိ အဲဒီနားတစ်ဝိုက်မှာပဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွါးနေပါတယ်။

ဒါပေမယ့် TNLA ဘက်က ခံစစ်စခန်းအများအပြားရှိရာကနေ တပ်စခန်းအချို့ကို စစ်ကောင်စီတပ်ထံ လက်လွှတ်ထားရပြီး တိုက်ပွဲဟာ ရှေ့မတိုးနောက်မဆုတ် အခြေအနေဖြစ်နေပါတယ်။

စစ်ကောင်စီသတင်းတွေကို ဝါဒဖြန့်ပေးနေတဲ့ Telegram ချန်နယ်တွေမှာတော့ ဂုတ်တွင်းတံတားဟာ ပြင်ဆင်ပြီးစီးသွားကြောင်း ထုတ်ပြန်လာတဲ့အတွက် စစ်ကောင်စီရဲ့ စစ်ကူနဲ့ လက်နက်ခဲယမ်းအကူဟာ အဲဒီလမ်းကြောင်းကနေပဲ ရောက်လာနိုင်တယ်လို့ ယူဆချက်တွေရှိနေပါတယ်။

အဲဒီလမ်းကြောင်းကနေ လက်နက်ခဲယမ်းတွေရောက်လာနိုင်ဖို့ ဂုတ်တွင်းအထက်က နောင်ပစ်လမ်းခွဲကို ရယူထားဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီတပ်ဟာ နောင်ပစ်လမ်းခွဲကို အသည်းအသန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်အသုံးများတဲ့ လက်နက်တွေဟာ kamikaze UAV အသေခံဒရုန်း၊ 60mm၊ လက်ထောက်နဲ့ လေကြောင်းပစ်ကူတွေဖြစ်ပြီး ကြီးမားတဲ့ Howitzer လက်နက်တွေနဲ့ သံချပ်ကာကားတွေပါဝင်ခြင်း မရှိသေးပါဘူး။

လက်ရှိ အသုံးပြုနေတဲ့ လက်နက်ခဲယမ်းတွေကို ထောက်ပို့လေယာဉ်ဖြစ်တဲ့ Y-12၊ Y-8 နဲ့ ပို့ပေးနေတာဖြစ်ပြီး ဂုတ်တွင်းပွင့်သွားရင် စစ်ကောင်စီအတွက် ထောက်ပို့လမ်းကြောင်း လွယ်ကူသွားနိုင်ပြီး တိုက်ပွဲဟာ မြန်ဆန်လာနိုင်တယ်လို့ ယူဆချက်တွေလည်း ရှိနေပါတယ်။

ကျောက်မဲမြို့ဟာ စစ်ရေးအရရော၊ စီးပွားရေးအရပါ အချက်အချာကျတဲ့မြို့ဖြစ်ပြီး ကျောက်မဲမြို့ကို စစ်ကောင်စီ ထိန်းချုပ်လာနိုင်ရင် ကျောက်မဲ – မိုးကုတ်လမ်းပိုင်း တစ်စိတ်တစ်ပိုင်းထိန်းချုပ်နိုင်မှာဖြစ်ပြီး သီပေါဘက်ကို ထိုးစစ်ဆင်ဖို့ လွယ်ကူသွားတော့မှာ ဖြစ်ပါတယ်။

TNLA က ဖမ်းဆီးရမိထားတဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) တွေရဲ့ ထုတ်ဖော်ပြောဆိုချက်အရ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ကနေ ရှမ်းမြောက်မှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေထဲကို ထောက်လှမ်းရေး အယောက် ၂၀ စီ ပုံစံမျိုးစုံနဲ့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။

အဲဒီထဲမှာ သီပေါနဲ့ ကျောက်မဲကို စစ်ကောင်စီအနေနဲ့ ဂုဏ်သိက္ခာပိုင်းအနေနဲ့ တိုက်ခိုက်ရယူလိုပြီး သိန္နီကတော့ တောင်းယူမရတဲ့အဆုံး သီပေါနဲ့ ကျောက်မဲတိုက်ယူပြီးရင် သိန္နီကို ထိုးစစ်ဆင်တိုက်ခိုက်မယ့်အကြောင်း ဖမ်းဆီးရမိထားတဲ့ စရဖ တွေက ထွက်ဆိုထားကြောင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဲဒီအချက်အလတ်နဲ့ပတ်သက်ပြီးတော့ ရွှေဖီမြေကတော့ သီခြားတော့ အတည်မပြုနိုင်သေးပါဘူး။

မြေပြင်ထိုးစစ်ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေ အသုံးပြုခဲ့တဲ့ နည်းလမ်းအတိုင်း ဒရုန်းတွေကို ရှေ့ပြေးအဖြစ် အသုံးပြုကာ ထိုးစစ်ဆင်နေတာဖြစ်ပြီး တစ်ဖက်မှာလည်း အွန်လိုင်း လူမှုကွန်ရက်တွေမှာ စိတ်ဓာတ်ပိုင်း စစ်ဆင်ရေးအရ ထိုးနှက်နေတာတွေ ဆက်တိုက်လုပ်နေတာကို တွေ့လာရပါတယ်။

နည်းဗျူဟာအရ လိုအပ်ချက်တွေရှိနေတဲ့ တော်လှန်ရေးတပ်တွေဟာ ထိုးစစ်အပိုင်းမှာ အားသာချက်တွေရှိပေမယ့် လက်နက်အပြည့်အစုံနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို လက်နက်အကန့်အသတ်နဲ့ အသုံးပြုနေတဲ့ တော်လှန်ရေးတပ်တွေ အနေနဲ့ ခံစစ်ပိုင်းမှာ အားနည်းချက် ဖြစ်လာစေခဲ့ပါတယ်။

လက်ရှိအခြေနေအတိုင်းဆိုရင် စစ်ကောင်စီထိုးစစ်ဟာ မြန်မြန်ဆန်ဆန် ပိုဖြစ်လာနိုင်ပြီး လာမယ့် နှစ်ကုန်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ မလုပ်ခင် တရုတ် – မြန်မာ ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ မူဆယ် – မန္တလေး ပြည်ထောင်စုလမ်းမကြီးကို ဘယ်လောက်လွှမ်းမိုးနိုင်မလဲ ဆိုတာ တရုတ်ကို ပြသရမှာ ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဒါကြောင့် စစ်ကောင်စီကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင်အထိ ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုနဲ့အတူ ရှမ်းမြောက်တစ်ခုလုံး အထူးသဖြင့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြို့တွေ အတွက် စစ်ရေးအရ ခြိမ်းခြောက်လာနိုင်ပါတယ်။

ဒါပေမယ့် အခြားတစ်ဖက်မှာလည်း တော်လှန်ရေးတပ်တွေ အနေနဲ့ ခံစစ်တစ်ခုတည်းမဟုတ်ဘဲ အခြားနေရာဒေသတွေမှာ ထိုးစစ်အသွင်ပြောင်းနိုင်ခဲ့ရင် စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေဟာ လျော့ကျသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။

လူပေါင်း ၉၀ ကျော် သွေးစွန်းခဲ့တဲ့ နေ့

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထုတွေ ပူဆွေးသောကဖြစ်နေရချိန် စစ်ကောင်စီ ထောက်ခံသူတွေကတော့ “သူပုန်” တွေ ထိန်းချုပ်ထားတဲ့မြို့မှာ လေယာဥ်နဲ့ သီချင်းဖွင့်ပြသွားတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနေကြပါတယ်။