ရွှေဖီမြေ၊ ဇန်နဝါရီ ၈ ရက်၊ သီပေါ
တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိတာကြောင့် ခြေထောက်တစ်ဖက် ပြတ်ပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သီပေါမြို့နယ် စံဖိတ်ရွာခံ အမျိုးသားတစ်ဦး မနေ့ ဇန်နဝါရီ ၇ ရက် မနက် ၈ နာရီကျော်မှာ ခြံထဲ မြက် ရိတ်နေချိန် မိုင်းနင်းမိတာလို့ ဆိုပါတယ်။
မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက် ပြတ်သွားတဲ့ အဲဒီအမျိုးသားဟာ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ စိုင်းအိုက်ဆိုင်ဆိုသူဖြစ်ပြီး သီပေါမြို့နယ် စံဖိတ်ရွာမှာ နေထိုင်တဲ့ လီဆူတိုင်းရင်းသား ဖြစ်ပါတယ်။
စိုင်းအိုက်ဆိုင် မိုင်းနင်းမိခဲ့တဲ့နေရာဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတုန်းက TNLA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
အဲဒီမိုင်းဟာ ဘယ်တပ်ဖွဲ့က ထောင်ခဲ့တဲ့မိုင်းလဲဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်မှာလည်း သီပေါမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၂၃)စခန်းအနီးမှာ သံတိုသံစ ကောက်တဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ခဲ့ဖူးပါတယ်။