ရဲမာန်၊ စက်တင်ဘာ ၆ ရက်၊ လက်ပံတန်း
ပဲခူးတိုင်း လက်ပံတန်းမြို့နယ် သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာတန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ လက်ပံတန်းနဲ့ ၅ မိုင်ကွာဝေးတဲ့ သရက်ချောင်းရွာကို ဒရုန်းနဲ့ ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာလို့ ၎င်းက ပြောပါတယ်။
“ဗုံး ၂ လုံး ကြဲချရာမှာ တစ်လုံးက သေဆုံသူရဲ့ အိမ်ပေါ်တည့်တည့် ကျတာ။ သရက်ချောင်းရွာဟာ လွန်ခဲ့တဲ့ ၇ လပိုင်းလောက်ကတည်းက စစ်ရှောင်နေကြရတဲ့ ရွာတွေထဲမှာ ပါ ပါတယ်”
တိုက်ခိုက်မှုကြောင့် အသက် ၃၀ အရွယ် ကိုဇေယျာလင်းဟာ ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
သရက်ချောင်းရွာဟာ စစ်ရှောင်နေရပေမဲ့ အိုးအိမ်တွေကို စွန့်ခွာလို့ မရတဲ့အတွက် အိမ်စောင့်သဘောမျိုးလောက် ပြန်နေထိုင်ကြတဲ့ လူထုတွေ ရှိတယ်လို့ ၎င်းက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။