ရွှေဖီမြေ၊ စက်တင်ဘာ ၆ ရက်၊ စစ်တွေ
ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အပါအဝင် ရက္ခိုင်-ဧရာဝတီအစပ်၊ ရက္ခိုင်-မကွေးအစပ်နဲ့ ရက္ခိုင်-ပဲခူးအစပ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်- AA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ AA က မနေ့ စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ ၎င်းတို့ လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို ပြန်ရဖို့ ထိုးစစ် ဆင်လာတာကြောင့် ပဲခူးတိုင်း ပန်းတောင်မြို့နယ် ဆင်လမ်နဲ့ ညောင်ကျိုးရွာ၊ ဧရာဝတီတိုင်းနဲ့ ရက္ခိုင်အစပ်ရှိ စက်စက်ယိုရွာနဲ့ မကွေးတိုင်း ငဖဲမြို့နယ် စွန်တက်ရွာမှာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က မကွေးတိုင်း ငဖဲမြို့နယ် စွန်တက်ရွာရဲ့ အရှေ့မြောက်ဖက် မီတာ (၂,၈၀၀)ခန့်အကွာမှာ စစ်ကောင်စီရဲ့ အမှတ် ၁၇ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၁၇)လက်အောက်ခံ ခမရ ၅၇၄၊ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ (ဆလအခွဲ ၉၉၄) ပူးပေါင်းစစ်ကြောင်းနဲ့ AA တို့အကြား ၂ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စကခ ၁၇ လက်အောက်ခံတပ်က တပ်ဆုတ်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ အလောင်းနဲ့ ကျောပိုးအိတ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ပုံစံအမျိုးမျိုးနဲ့ အတင်းအဓမ္မ စစ်သား စုဆောင်းထားရတဲ့ စစ်မှုထမ်းတပ်သားသစ်နဲ့ စုဖွဲ့ထားတဲ့ တပ်ရင်းတွေကို အသုံးပြုပြီး ပဲခူးတိုင်းနဲ့ အာရက္ခဒေသအစပ်မှာ အင်အား ၁,၅၀၀ နဲ့ မရပ်မနား ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့ရှိ လက်ကျန်စခန်းတွေ မကျစေရေးအတွက် ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို AA ဘက်ကလည်း တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံး များတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း မကွေးတိုင်း ဂုတ်စီးရိုးဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်မ(၉၉) လက်အောက်ခံ အမှတ်(၉၉၂) နည်းဗျူဟာအဖွဲ့မှ ယာယီ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် ၁၇ ဦးကို ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ စတင်ခဲ့တဲ့ AA ရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်သူတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး အနည်းငယ် ကျန်ရှိနေတဲ့ လက်ကျန်ရည်မှန်းချက်တွေ အပြည့်အဝ ရရှိလာတဲ့အထိ လူထုတရပ်လုံးနဲ့လက်တွဲပြီး ဆက်လက် တိုက်ပွဲ ဝင်သွားမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။