ယာရူစိင်၊ စက်တင်ဘာ ၁ ရက်၊ ရေစကြို
မကွေးတိုင်း ရေစကြိုမြို့နယ်က ငတရော်ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ငတရော်ရွာကို မနေ့ ဩဂုတ် ၃၁ ရက် နေ့လယ် ၁ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “သေဆုံးတာက အမျိုးသမီးတွေပါပဲ။ မနေ့ကတော့ ၃ ဦးပဲ သေတာပါ။ ညနေရောက်မှ ၂ ဦး ထပ်တိုးသွားတာ။ ဒဏ်ရာရတာတော့ ၇ ယောက်ပါနော်။ ဒဏ်ရာရတဲ့အထဲမှာက အဖွားအို တစ်ယောက်ပါဝင်တယ်။ နေအိမ်ပျက်စီးသွားတာလည်း ရှိပါတယ်” လို့ ပြောပါတယ်။
ငတရော်ရွာမှာ တိုက်ပွဲဖြစ်ပွါးတာမရှိပဲ ဗုံးကြဲခံရတာဖြစ်ပြီး ထိခိုက်သွားသူတွေထဲမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၅ ဦးတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကလည်း ရေစကြိုမြို့နယ် သာဂေါင်ကျေးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။