လွေးလာဝ်ဇာရ်၊ ဩဂုတ် ၂၉ ရက်၊ ကန့်ဘလူ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီကျင်းရွာကို စစ်ကောင်စီတပ်က လေးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာထဲပိတ်မိနေသူ ဒေသခံ ၄၀ ကျော်ကိုလည်း ဖမ်းဆီးထားပြီး နောက်ထပ် အမျိုးသား ၈ ဦးထက်မနည်းကိုလည်း ပစ်သတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်ကနေ ၂၆ ရက်အတွင်း ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ အင်အား ၂၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်မှာ ဘူးကုန်းရွာကနေ ကျီကျင်းရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မထွက်ပြေးနိုင်တဲ့ ရွာသူရွာသားတွေကိုပါ ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
“ရွာထဲ စစ်ကြောင်းရောက်တော့ မထွက်တဲ့ရွာသားတွေ အကုန်ဖမ်းတာ။ လန့်ပြီး ထွက်ပြေးတဲ့သူတွေဆို ပစ်သတ်တာ။ ရွာထဲမှာ ပစ်သတ်ထားတာ ၆ ယောက်လောက် ရှိတယ်။ ရွာထဲမှာတော့ ကျွန်တော်မြင်ခဲ့သလောက်ပဲ။ အဲထက်လည်း ပိုနိုင်တယ်။ ပုန်းနေရာကနေ ထွက်ပြေးရင်း ကတ္တရာလမ်းပေါ်မှာ ပစ်သတ်ထားတဲ့ ကားသမား ၂ ယောက် အလောင်းလည်း ထပ်တွေ့ခဲ့တယ်” လို့ ထွက်ပြေးလွတ်မြောက်လာသူ ကျီကျင်းရွာတစ်ဦးရဲ့ ပြောပြချက်ကိုလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျောင်းထိုင်ဆရာတော် ဦးကောဝိဒထံရဲ့ ဝတ္ထုငွေ သိန်း ၈၀ ကိုလည်း ယူဆောင်သွားခဲ့ပြီး ဆရာတော်ကိုလည်း ရွာပြင်နှင်ထုတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကနေ မနေ့ ဩဂုတ်လ ၂၈ ရက်အထိ ကန့်ဘလူမြို့နယ် တောင်ပိုင်း ဗျူဟာလမ်းအနောက်ဘက်နဲ့ အရှေ့ဘက်က ကျေးရွာတွေကို ၁၃ ရက်အတွင်း အပြစ်မဲ့ ပြည်သူပိုင် နေအိမ် ၅၀၀ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဒေသခံ ၂၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။