ရဲမာန်၊ ဩဂုတ် ၂၇ ရက်၊ နတ်မောက်
မကွေးတိုင်း နတ်မောက်မြို့နယ် လဲဘူးကျေးရွာ စံပြရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သားအမိ ၃ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ ရွာခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက် ည ၈ နာရီခွဲမှာ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရွာခံအမျိုးသားတစ်ဦးက “တစ်လုံးက မလွမ်းပိုတို့ နေအိမ်ပေါ်တည့်တည့် ကျသွားတာ။ မလွမ်းပိုဆို ကိုယ်အောက်ပိုင်း ရှာမရ။ သူရဲ့သား အငယ်ဆုံးပါ ပါသွားတာ။ သူရဲ့သမီး မချိုဇင်ဇင်ကျော်ကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်။ စစ်ပွဲဖြစ်ပွားခြင်းမရှိပါပဲ ပြည်သူနေအိမ် ရပ်ရွာထဲကို ကြဲချမှုကတော့ အတော်ကို ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ လုပ်ရပ်ပါ”လို့ ပြောပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၂ နှစ်အရွယ်ရှိတဲ့ မသဲတုန်၊ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ မချိုဇင်ကျော်၊ အသက် ၃၇ နှစ်အရွယ်ရှိတဲ့ မလွမ်းပို၊ အသက် ၆၇ နှစ်အရွယ်ရှိတဲ့ ဦးဝင်းဆောင်နဲ့ အသက် ၆၅ နှစ်အရွယ်ရှိတဲ့ ဦးကြည်မြင့်တို့ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးလည်း ပျက်စီးသွားပြီး နောက်ထပ် ဒေသခံ ၁၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာလည်း စစ်တပ်က နတ်မောက်မြို့နယ် ကံသာရွာကို လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ စေတီပုထိုးတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။