တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ကို ဦးတည်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်အင်အား ၆၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
ဒီနေ့ သြဂုတ် ၂၅ ရက်အထိ တိုက်ပွဲတွေဟာ နောင်ချို-ကျောက်မဲလမ်းပေါ်ရှိ နောင်ပိန်ကျေးရွာလမ်းခွဲအထိ ရောက်ရှိပြီး စစ်တပ်ရဲ့ ထိုးစစ်ကို တအာင်းတပ်ဘက်က အပြင်းအထန် ခုခံနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ မြေပြင်ထိုးစစ် လမ်းကြောင်း
နောင်ပိန်ကျေးရွာဟာ ဒေသခံ ၄ ထောင်ကျော်နေထိုင်တဲ့ ရွာကြီးဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ထိန်းချုပ်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကျောက်မဲမြို့ပေါ်နဲ့ အနီးအနားက ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ ဒဏ်တွေ ခံခဲ့ရပေမဲ့ နောင်ပိန်ရွာမှာတော့ တိုက်ပွဲမရှိဘဲ စစ်ဘေးရှောင်တွေ တိမ်းရှောင်ရာနေရာ ဖြစ်ခဲ့ပါတယ်။
နောင်ပိန်ကျေးရွာကနေ ရှမ်းတောင်ဘက်ကို ဖြတ်သန်းသွားလာနိုင်ပြီး စစ်ရေးလမ်းကြောင်းအရလည်း အရေးပါတဲ့ နေရာဖြစ်ပါတယ်။
နောင်ပိန်ကျေးရွာထဲကို SSPP ဘက်က တခြားတိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ယူနီဖောင်းနဲ့ ဖြတ်သန်းခွင့် မပေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်မှာ အင်အားရာချီရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုဘက်နေ ဂုတ်ထိပ်ချောင်းကို ဖြတ်ပြီး SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်ရွာအနီး ထန်းတပင်ရွာကနေ နောင်ပိန်ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေ ထန်းတပင်ကျေးရွာဘက်ကို ရောက်ရှိချိန် SSPP တပ်ဖွဲ့တွေ မတွေ့ရတော့ဘဲ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို TNLA က အချိန်မှီ ဟန်တားနိုင်တာကြောင့် ကျောက်မဲမြို့ဘက်ကို မရောက်ရှိနိုင်တာလို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
လက်ရှိမှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် နောင်ပိန်ကျေးရွာခံ ၆၀ နီးပါး ထိခိုက်သေဆုံးခဲ့ရသလို နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် နောင်ပိန်ကျေးရွာခံအပါအဝင် တိုက်ပွဲဖြစ်ပွားတဲ့ အနီးအနားက ကျေးရွာ ၁၀ ခုထက်မနည်းက ဒေသခံ ၁ သောင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က နောင်ချိုကို ပြန်ထိန်းချုပ်ပြီးနောက် နောင်ချို-ကျောက်မဲကို ဆက်သွယ်ထားတဲ့ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီး ခံလိုက်ရတာကြောင့် နောင်ချို-ကျောက်မဲ လမ်းကြောင်းအတိုင်း ထိုးစစ်ဆင်ဖို့ စစ်ကောင်စီအတွက် ခက်ခဲနိုင်တဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီစစ်ကြောင်းကို SSPP တပ် ထိန်းချုပ်ထားတဲ့ လမ်းကြောင်းကနေ ထိုးစစ်ဆင်ခွင့်ရခဲ့တာဟာ တအာင်းတပ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီလိုအခြေအနေဟာ မဟာမိတ်တပ်တွေဖြစ်တဲ့ TNLA နဲ့ SSPP အကြား ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှု အားနည်းတဲ့ အခြေအနေကို ပြသနေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။
ကျောက်မဲမြို့ကို တအာင်းတပ် လက်လွှတ်ရတော့မှာလား
ကျောက်မဲမြို့ဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့နေရာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်မဲ-မိုင်းလုံ-မိုးကုတ်ဘက်လည်း သွားနိုင်သလို ကျောက်မဲ-မိုင်းငေါ့-နမ့်ဆန်၊ ကျောက်မဲ-သီပေါနဲ့ ကျောက်မဲ-ရှမ်းတောင် ရပ်စောက် လမ်းကြောင်းကိုလည်း ဆက်သွယ်ထားပြီး စစ်ရေးအပါအဝင် စီးပွားရေးအရလည်း အချက်အချာကျတဲ့ မြို့ဖြစ်ပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ပိန်ကျေးရွာဟာ ကျောက်မဲမြို့နဲ့ ၁၅ မိုင်ဝန်းကျင် ကွာဝေးပြီး နောင်ပိန်နဲ့ ကျောက်မဲမြို့ကြားမှာ ကျေးရွာ ၆ ခုထက်မနည်း ရှိပါတယ်။
စစ်ကောင်စီဘက်က ရှမ်းတောင်ဘက်ကနေ အထက်ရဲရွာ လမ်းကြောင်းကနေ စစ်အင်အားတွေ ထပ်ဖြည့်ထားပြီး TNLA ဘက်ကလည်း စစ်ကောင်စီထိုးစစ်ကို အပြင်းအထန်ခုခံနေဆဲ ဖြစ်ပါတယ်။
ကျောက်မဲမြို့ပေါ်မှာတော့ PSLF/TNLA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေဆဲဖြစ်ပြီး မြို့ခံတချို့ကတော့ စစ်ဘေးရှောင်သွားကြတာ တွေ့ရပါတယ်။
ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို ဟန့်တားဖို့ TNLA တစ်ဖွဲ့တည်း ခက်ခဲနိုင်
လက်ရှိအခြေအနေအရ တအာင်းတပ်ဘက်က နောင်ပိန်ကျေးရွာတိုက်ပွဲအပါအဝင် နောင်ချို- မိုးကုတ်လမ်းပိုင်းကို ဦးတည်တဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ကို ခုခံနေရပြီး စစ်မျက်နှာ ၂ ခု ဖွင့်နေရပါတယ်။
တစ်ဖက်မှာလည်း တိုက်ပွဲတွေရပ်ဖို့ တရုတ်ဖိအားကို ခံနေရတဲ့အပြင် TNLA နဲ့ မဟာမိတ်တပ်ဖြစ်တဲ့ ဝတပ်ဖွဲ့ UWSA ရဲ့ စစ်ရေးအကူအညီ ဖြတ်တောက်တာ ခံထားရပါတယ်။
ဒါ့အပြင် TNLA နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကိုးကန့်တပ်မတော်- MNDAA လည်း တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်ထားရပါတယ်။
တိုက်ပွဲအချိန် ကြာလာတာကြောင့် လက်နက်ခဲယမ်း မမျှတတာ၊ စစ်အင်အား အကန့်အသတ်ဖြစ်လာတာနဲ့ စစ်ပွဲပန်းလာတာတွေကြောင့် ရှမ်းမြောက်တော်လှန်ရေးမှာ နိုင်ငံတော်အဆင့် စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်ဖို့ ခက်ခဲနိုင်တဲ့ အခြေအနေပါ။
ဒီအခြေအနေဟာ ရှမ်းမြောက် တော်လှန်ရေးအဖွဲ့များကြား အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းမှု နည်းပါးလာနေခြင်းကို ပြသနေတာလည်း ဖြစ်ပါတယ်။
သြဂုတ်လအတွင်းက ကူမင်းဆွေးနွေးပွဲရလဒ်အရ စစ်ကောင်စီနဲ့ TNLA အကြား အပစ်နိုင်လား
ပြီးခဲ့တဲ့ ဧပြီလကုန်မှာ တရုတ်နိုင်ငံက စီစဥ်ပေးတဲ့ တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ ပြန်ဆုတ်ပေးဖို့ တောင်းဆိုချက်ကို တအာင်းတပ်ဘက်က ပယ်ချခဲ့ပါတယ်။
ဒီသြဂုတ်လထဲမှာ TNLA နဲ့ စစ်ကောင်စီအကြား တရုတ်နိုင်ငံမှာ ထပ်မံတွေ့ဆုံဖို့ ရှိနေပြီး စစ်ကောင်စီဘက်က စစ်ရေးအသာရနေချိန်ဖြစ်တာကြောင့် အပေါ်စီးကနေ ဆွေးနွေးလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
စစ်ရေး၊ နိုင်ငံရေးဖိကြားမှာ TNLA အနေနဲ့ စစ်ကောင်စီနဲ့ သဘောတူညီချက်ရယူပြီး နွေဦးတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပါဝင်မှု ခေတ္တရပ်နားမလား။ ဒါမှမဟုတ် အခက်အခဲတွေကြားမှာ နွေးဦးတော်လှန်ရေးမှာ ဆက်ပါမလားဆိုတာ စောင့်ကြည်ရမယ့် အခြေအနေပါ။
ရှမ်းမြောက်အပါအဝင် နိုင်ငံတဝန်းမှာ စစ်ကောင်စီက တစ်ဖက်သတ် ထိုးစစ်ဆင်မှုတွေ ပြင်းထန်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ ဟန်ချက်ညီညီ ပူးပေါင်းမှုမရှိခြင်းက တော်လှန်ရေးအနာဂတ် ထိတ်လန့်စရာ အခြေအနေကို ရောက်လာနေကြောင်းပါ။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။