လွေးလာဝ်ဇာရ်၊ ဩဂုတ် ၂၅ ရက်၊ ကန့်ဘလူ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက စစ်ကြောင်းထိုးပြီး ဒေသခံတွေရဲ့ နေအိမ် ၄၃၀ ကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင် ဒေသခံ ၉ ဦးလည်း ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့က မနေ့ ဩဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်ကနေ ဩဂုတ် ၂၀ ရက်အထိ ကန့်ဘလူမြို့နယ် ရွာမရွာသစ်ရွာက နေအိမ် ၄ လုံး၊ ထိန်တော(တ/မ)ရွာက နေအိမ် ၇၅ လုံး၊ သရက်တာရွာက နေအိမ် ၇၈ လုံး၊ အင်္ဂါဒေါင့်ရွာက နေအိမ် ၃၁ လုံး၊ ကိုင်းရိုးရွာက နေအိမ် ၁၂ လုံးနဲ့ ကျေးပင်အက်ရွာက နေအိမ် အလုံး ၂၃၀ အပြင် စာသင်ဆောင် ၄ ဆောင်ကိုလည်း စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
သတ်ဖြတ်ခံရသူ ၉ ဦးထဲမှာ ထိန်တောဘက်က ၅ ဦး၊ ကျေးပင်အက်က အသက် ၅၀ ဝန်းကျင် ဦးကိုမိုးညိုတစ်ဦးအပါ ၄ ဦးတို့ဖြစ်ပြီး အားလုံးက မီးရှို့သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။
ကျေးပင်အက်က ရွာခံတစ်ဦးက “ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၂၃၀ လုံး မီးလောင်သွားတယ်။ ယာယီတဲထိုးနေဖို့တောင် အတော်ခက်ခဲပါတယ်။ အကူညီတွေရှိရင်လဲ ကူညီပေးကြဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်ကလည်း စစ်ကောင်စီတပ်က ဘူးကုန်းဘက် စစ်ကြောင်းထိုးချိန်မှာ လမ်းမပေါ်ရှိတဲ့ ဆီဘောက်ဆာကားတစ်စီးကို သေနတ်နဲ့ပစ်လိုက်ချိန် ကားမောင်းသူနှစ်ဦး ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မနေ့ ဩဂုတ်လ ၂၄ ရက်ကလည်း ကျီကျင်းရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထပ်မံဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးကြဲချခဲ့တာကြောင့် အနီးနားဝန်းကျင်က ကျေးရွာတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။