ရဲမာန်၊ ဩဂုတ် ၂၄ ရက်၊ ကျိုက်ထို
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ချမ်းမြေ့စုရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၂ ပါး ပျံလွန်တာ်မှုပြီး ၅ ပါး ဒဏ်ရာရရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဩဂုတ်လ ၂၄ ရက် မနက် ၁၀ နာရီခွဲမှာ စစ်ကောင်စီတပ်က ချမ်းမြေ့စုရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဘုန်းကြီးတွေ ဆွမ်းစားဖို့ ဆွမ်းဝိုင်း ပြင်နေတဲ့အချိန် လာကြဲသွားတာ။ ဘုန်းကြီးတွေ အားလုံး ၈ ပါး ရှိတယ်။ တစ်ပါးဘဲ လွတ်ကင်းသွားတယ်”လို့ ဆိုပါတယ်။
ချမ်းမြေ့စုရွာကို စစ်ကောင်စီတပ်က အခုလို လေကြောင်းတိုက်ခိုက်တာဟာ အခုတစ်ကြိမ်အပါအဝင် နှစ်ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက် မနက် ၉ နာရီခန့်မှာ စစ်တပ်က ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။