မိုင်းရူပ၊ သြဂုတ် ၂၄ ရက်
တော်လှန်ရေးကာလအတွင်း ကျဆုံးရဲဘော်တွေကို အလေးပြုတာနဲ့ ဒဏ်ရာရစစ်သည်တွေကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်- DPLA/ DPLF က ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့တယ်လို့ DPLA ရဲ့ ဥက္ကဋ္ဌ ကိုထွန်းထွန်းနိုင်က ရွှေဖီမြေကို ပြောပါတယ်။အဲဒီအခမ်းအနားကို မနေ့ သြဂုတ် ၂၃ ရက် DPLA ထိန်းချုပ်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“တန်ဖိုး မဖြတ်နိုင်တဲ့ ရဲဘော်တွေရဲ့ အသက်နဲ့ ရဲစွမ်းသတ္တိ တိုတ်ပွဲ၀င်ခဲ့ကြတဲ့ ကျနော်တို့ ဓနုတပ်တော် လူငယ်တွေကို အောက်မေ့ဖွယ်အခမ်းနား ပြုလုပ်တာဖြစ်တယ်။ တော်လှန်ရေး လမ်းခရီးမှာ လက်ရုံးရည်၊ နှလုံးရည် ရှိရှိတော်လှန်ကြဖို အားပေးစကားပြောခဲ့ပါတယ်” လို့ DPLA ရဲ့ ဥက္ကဋ္ဌ ကိုထွန်းထွန်းနိုင်က ရွှေဖီမြေကို ပြောပါတယ်။
DPLA တပ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖြစ်ပြီး ဓနုလူထုတွေကို ကိုယ်စားပြုတဲ့ တပ်ဖြစ်ဖို့ ကြိုးစားနေတဲ့ တပ်လည်း ဖြစ်ပါတယ်။
လက်ရှိမှာ DPLA တပ်က ရှမ်းတောင် ရပ်စောက်မြို့အပါအဝင် ရှမ်းမြောက် နောင်ချိုမြို့နယ်တွေမှာ အခြေချ လှုပ်ရှားပြီး တအာင်းတပ်မတော်- TNLA နဲ့အတူ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။