လွေးလာဝ်ဇာရ်၊ ဩဂုတ် ၂၄ ရက်၊ နမ့်တစ်
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်ခရိုင် နမ့်တစ်မြို့က နမ့်တစ်(ညီနောင်)တံတား ကျိုးကျပျက်စီးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီနမ့်တစ်တံတားဟာ ဆွေးဟောင်းနေတာလည်း ပါတဲ့အတွက်ကြောင့် ဒီနေ့ မနက် ၄ နာရီခွဲမှာ ကျိုးကျပျက်စီးသွားတာလို့ ဆိုပေမယ့် ပျက်စီးသွားရတဲ့ အကြောင်းအရင်းအတိအကျကိုတော့ မသိရသေးပါဘူး။
ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “ဒီမနက် ၄ ခွဲမှ ကျိုးကျတာ။ ကျနော် သူငယ်ချင်းက အဲတံတားနားမှာဘဲ နေတာ။ အဲတံတားလည်း ကြာပြီဆိုတော့ အိုဟောင်းနေပါပြီ” လို့ ပြောပါတယ်။
နမ့်တစ်(ညီနောင်)တံတာဟာ နမ့်တစ်မြို့နဲ့ ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ချင်းရွှေဟော်မြို့ကို အဓိက ဆက်သွယ်ထားတဲ့ တံတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီး တစ်ဦးက “အဲတံတားကျိုးပြီဆိုတော့ သွားရင် ဟိုပန်ကလမ်းနေ ပြန်ပတ်ရမှာ အဲလမ်းအရမ်းဆိုးတယ်။ ကျမတို့က ပိုက်ဆံအကုန်ခံပြီး အဲဒီနမ့်တစ်တံတားဘဲသွားတာ” လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ အဲဒီနမ့်တစ်တံတားကို ပြန်လည်ဖွင့်ပေးတာဖြစ်ပြီး ကိုးကန့်ဒေသတိုက်ပွဲဖြစ်ချိန်တုန်းက စစ်ရှောင်တွေအသုံးပြုခဲ့တဲ့ တံတားလည်း ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။