ရွှေဖီမြေ၊ ဩဂုတ် ၂၃ ရက်
စစ်ကောင်စီတပ် ဖမ်းမိထားတဲ့ မူးယစ်ဆေးဝါးနဲ့ ပါဝင်ပတ်သတ်မှုမရှိဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဒီနေ့ ဩဂုတ် ၂၃ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ ရခိုင်ပြည်နယ်နဲ့ မလေးရှားရေပိုင်နက်ကိုသယ်မယ့် ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီက ဖမ်းမိထားပြီး AA နဲ့ SSPP ဗိုလ်မှူးနှစ်ဦးပါဝင်ဆက်စပ်နေတယ်လို့ စစ်ကောင်စီရဲ့ မူးယစ်တပ်ဖွဲ့က မနေ့ ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
SSPP တပ်ထဲမှာ စစ်ကောင်စီတပ် ထုတ်ပြန်ထားတဲ့ ဗိုလ်မှူး စိုင်းစုဆိုသူ မရှိပဲ SSPP တပ်ရဲ့ အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးကြီး စိုင်းဆုပဲ ရှိတယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ မူးယစ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ SSPP တပ်ကို နိုင်ငံရေးအရ ဂုဏ်သိက္ခာကျဆင်းစေလိုခြင်းနဲ့ အဖွဲ့အစည်းနာမည်ပျက်ပြားပြီး အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုပျက်အောင် လိုရာသွင်းရေးသားတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် SSPP ထိန်းချုပ်ဒေသအတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာကို ပိတ်ပင်ထားပြီး လူထုတွေကိုလည်း မူးယစ်ဆေးဝါး ကာကွယ်ရေးနဲ့ပတ်သတ်ပြီး ပညာပေးတာ၊ ဖမ်းဆီးတာနဲ့ မူးယစ်ဆေးဝါး ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။