ရွှေဖီမြေ၊ ဇူလိုင် ၂ ရက်၊ နမ့်ခမ်း
ယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်မှု များခဲ့တဲ့ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကို အရှိန်မြှင့် ဆောင်ရွက်ပေးနေပြီး သိန်းပေါင်း ၇ သောင်းကျော် ကူညီထောက်ပံ့ပေးခဲ့ပြီလို့ တအာင်းတပ်က ထုတ်ပြန်လာပါတယ်။
ယမ်းသိုလှောင်ရုံအနီးရှိ အနီရောင်သတ်မှတ်ဇုန် (မီတာ ၁၅၀ အတွင်း)ရှိ နေအိမ်ပေါင်း ၅၆ လုံးအတွက် ကျပ်သိန်း(၂၁,၄၉၀) ထောက်ပံ့ပေးခဲ့ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ယမ်းပေါက်ကွဲမှု ဗဟိုချက်ကနေ လိမ္မော်ရောင်ဇုန် (မီတာ ၁၅၀ မှ ၃၅၀ အတွင်း)ရှိ နေအိမ် ၁၈၆ လုံးကို သတ်မှတ်စံနှုန်းပေါ် အခြေခံပြီး ကျပ်သိန်း(၂၁,၆၇၆) ကူညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဝါရောင်ဇုန် (မီတာ ၃၅၀ မှ ၅၀၀ အတွင်း)ရှိ နေအိမ် ၂၅၃ လုံးအတွက် ပျက်စီးဆုံးရှုံးမှုပေါ် အခြေခံပြီး ကျပ်သိန်း (၂၅,၃၀၆)ကို ဇွန်လ ၂၉ ရက်မှာ ထိခိုက်သူတွေထံ ပေးအပ်ခဲ့ပြီလို့ ဆိုပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကိုတော့ သေဆုံးသူတစ်ဦးကို ကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးကုသမှု အခမဲ့နဲ့ ဒဏ်ရာ ပြင်းထန်မှုအပေါ် မူတည်ပြီး ကူညီထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။
ပြန်လည်ထူထောင်ရေး ကြန့်ကြာနေရတာဟာ ပျက်စီးသွားတဲ့ နေအိမ်တွေရဲ့တန်ဖိုးကို တိကျစွာ ထောက်ပံ့ပေးနိုင်ဖို့ ဆောင်ရွက်နေရတာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများတဲ့ နေအိမ်တွေကို ဆက်လက် ကူညီသွားမယ်လို့ ဆိုပါတယ်။
“အခု လူထုတွေ ယာယီ နေထိုင်လို့ရအောင် အရေးပေါ်နေမယ့်နေရာတွေ ဆောက်ပေးထားတယ်။ သူတို့အိမ်တွေ မဆောက်ပြီးခင်မှာ နေလို့ရအောင် ယာယီ ဆောက်ပေးတာ။ ကူညီဆောင်ရွက်မှုတွေ ကြန့်ကြာတာက ကူညီပေးတဲ့နေရာမှာ တိကျမှုရှိအောင် ဆောင်ရွက်နေတာ ဖြစ်တယ်” လို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေး ကော်မတီဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကောင်းတပ်ရွာ ပေါက်ကွဲမှုအတွင်း ကူညီပေးခဲ့ကြတဲ့ ပရဟိတအသင်းအဖွဲ့တွေအပါအဝင် ပြည်တွင်းပြည်ပရှိ အလှူရှင်တွေကို ကျေးဇူးတင်ရှိကြောင်း တအာင်းတပ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်မှာ TNLA ရဲ့ စီးပွားရေးဌာနက ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ရွာမှာ လူပေါင်း ၄၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၅၄ ဦး ရှိခဲ့ကာ နေအိမ်ပေါင်း ၆၈၀ လုံး ပျက်စီးခဲ့ပါတယ်။
ဒီဖြစ်စဉ်အပေါ် TNLA ဘက်က တောင်းပန်ထားပြီး တာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးနေကာ လုပ်ငန်းတာဝန်ကနေ ရပ်ဆိုင်းထားတယ်လို့ တအာင်းတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။