ဆုမွန်၊ ဇူလိုင် ၂ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ Grade-12 တက်နေတဲ့ ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ Grade-12 တက်နေတဲ့ ကျောင်းသူတစ်ဦး နေမကောင်းတဲ့အချိန်မှာ ကျောင်းအုပ်ကြီးရဲ့သားဖြစ်သူ ကိုဇာနည်သွေးက အဓမ္မပြကျင့်ခဲ့တာပဲ ဖြစ်ပါတယ်။
“ကြားရသလောက်တော့ သူတို့က နိုင်ငံရေးပုဒ်မတွေနဲ့ပါ စွဲတယ် ကြားထားတယ်။ ပုဒ်မတွေ အကုန်စုပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြစ်မှုကျုးလွန်ခဲ့တဲ့ ကိုဇာနည်သွေးကို ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်က တောင်ကြီးခရိုင်ရုံးရဲ့ အမိန့်အရ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆(၁)၊ ပုဒ်မ ၃၅၄၊ ပုဒ်မ ၃၈၄ နဲ့ ၎င်းကို အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုဇာနည်သွေးဟာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်မှာတော့ တောင်ကြီးရဲစခန်းက ၎င်းကို ဖမ်းဆီးရမိခဲ့ပြီးတော့ ရာဇသက်ကြီး ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်တဲ့အပြင် ကျောင်းကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။