ရဲမာန်၊ မတ်လ ၂၇ ရက်၊ မလှိုင်
မန္တလေးတိုင်း မလှိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ လူထုသတင်းကွန်ယက် မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၂၆ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ မိတ္ထီလာတက် စက်တပ်လေထီး ၂ စီးနဲ့ ညောင်ကုန်းရွာကို ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
၎င်းက “အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦး သေဆုံးပြီး ဆယ်ကျော်သက် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲက ပင်စင်စား ဦးကြည်မောင်ဟာ လက်ရှိ စစ်ကောင်စီတပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတစ်ဦးရဲ့ဖခင်လည်း ဖြစ်တယ်” လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ပြီး နေအိမ် ၈ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက် ည ၈ နာရီဝန်းကျင်မှာ မလှိုင်မြို့နယ် သက္ကယ်ကျင်းအုပ်စု ဘွက်ငယ်ရွာကို စစ်တပ်က မိတ္ထီလာတက် စက်တပ်လေထီး ၃ စီးနဲ့ ၁၂၀ မမ ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။