မိုင်းရူပ၊ မတ်လ ၁၆ ရက်၊ ကွတ်ခိုင်
တအာင်းတပ် ထိန်းချုပ်ခဲ့တဲ့ ကွတ်ခိုင်မြို့ကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်တပ် – MNDAA က ကွတ်ခိုင်မြို့အနီးရှိ လွယ်ဆိုင်နဲ့ ပန်ဆေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး ရွာခံတချို့ကို ဖမ်းဆီးရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မတ်လ ၁၅ ရက် ညနေပိုင်းကစပြီး ကွတ်ခိုင်မြို့ ဗျူဟာကုန်းနောက်ခြမ်းရှိ လွယ်ဆိုင်ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ကာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၆ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူလတ်ပိုင်း တအာင်းလူမျိုး အမျိုးသားတွေကို ပစ်မှတ်ထား ဖမ်းဆီးနေပြီး လူငယ်တချို့ကို ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ဗုံးချတာ။ ရွာခံတစ်ယောက်ကိုလည်း ရိုက်ပြီးတော့မှ မတ်တပ်ရပ်ထားခိုင်းတယ်။ အိမ် ၆ လုံးလည်း ဒရုန်းဗုံးထိပြီးတော့မှ ပြိုကျကုန်ပြီ” လို့ ဆိုပါတယ်။
MNDAA တပ်ဘက်က မနေ့ မတ်လ ၁၅ ရက် ညနေပိုင်းမှာ ကွတ်ခိုင်မြို့ကို ထိန်းချုပ်ပြီးနောက် မြို့အနီးရှိ ကျေးရွာတွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး တအာင်းလူမျိုးတွေကို ပစ်မှတ်ထား ဖမ်းဆီးရိုက်နှက်တာတွေ ပြုလုပ်နေပါတယ်။
ဒီနေ့ မတ်လ ၁၆ ရက်မှာ ကွတ်ခိုင်မြို့အနီး ပန်ဆေး၊ ပန်ကူစတဲ့ ကျေးရွာတွေမှာ TNLA နဲ့ MNDAA အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုးကန့်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုတွေကြောင့် ရွာခံတွေ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။