ရွှေဖီမြေ၊ မေလ ၉ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ထဲက ရွာခံအမျိုးသားတစ်ဦးကို ကချင်တပ်မတော်- KIA က တောကောင်ထင်ပြီး ပစ်ခတ်မိရာကနေ သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မေလ ၇ ရက် ညနေ ၅ နာရီဝန်းကျင်က လွယ်ချက်အုပ်စု ဆောရမ်ရွာခံ အသက် ၃၀ ဝန်းကျင်အရွယ် မိုင်းယိုင်အေးဆိုသူကို တောတွင်းတစ်နေရာမှာ ပစ်ခတ်မိပြီး သေဆုံးသွားတာပါ။
ဖြစ်စဉ်သိရှိသူတစ်ဦးက “KIA စစ်သားက တောကောင်ထင်ပြီး ပစ်တာတဲ့။ တွေ့တဲ့သူတွေက ချောင်းမှာ ကျောက်ခဲ သွားသယ်ရင်းနဲ့ တွေ့တာ” လို့ ပြောပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ပစ်ခတ်သူကို အရေးယူနိုင်ရေးအတွက် တအာင်းတပ်အနေနဲ့လည်း အမှန်တရားရရှိဖို့ ပါဝင်ကူညီဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက ပြောပါတယ်။
”အခုဖြစ်တဲ့ပုံစံက သူ့မှာ ဘာမှအပြစ်မရှိဘဲ ပစ်သတ်ခံရတော့ တခြားရွာခံတွေလည်း ကြောက်ကြမှာ သေချာတယ်”
အလားတူ မေလ ၅ ရက်ကလည်း ကွတ်ခိုင်မြို့နယ် ဟိုဖျက်ရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို မူးယစ်ဆေး သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ KIA တပ်ဖွဲ့ဝင်က ဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။