မြတ်နိုး၊ မတ်လ ၁၇ ရက်၊ နမ့်ဖတ်ကာ
ရှမ်းမြောက် ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်- MNDAA က တအာင်းတပ်- TNLA ရဲ့ လက်ထဲကနေ သိမ်းယူပြီးနောက် မူဆယ်-လားရှိုး လမ်းမပေါ်က ကချင်တပ်မတော်- KIA ရဲ့ ဂိတ်တွေကို ဂိတ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မနေ့ မတ်လ ၁၆ ရက် နေ့လယ်ပိုင်းကစ ဖယ်ရှားပေးဖို့ MNDAA ဘက်က တရားဝင် လာပြောထားကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“လားရှိုး-မူဆယ် လမ်းမကြီးတလျှောက်မှာရှိတဲ့ KIA ဂိတ်တွေကို ဂိတ် အရမ်းများတယ်။ ဖြုတ်လိုက်ပါဆိုပြီး မနေ့က နေ့လယ် ၁ နာရီကျော်လောက်မှာ ဖောဝီးကားတစ်စီးနဲ့ လိုက်ပြောတယ်လို့ သိရတယ်” ဆိုပြီး KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရှမ်းမြောက်က နယ်စပ်ကုန်သွယ်ရာ လမ်းမကြီးတလျှောက် ဘယ်လက်နက်ကိုင်မှ ကပ်လို့ မရအောင်နဲ့ ကုန်သွယ်ရေးလမ်းမ လွတ်လွတ်ကျွတ်ကျွတ် ဖွင့်နိုင်ဖို့ဖြစ်ပြီး ဒါကလည်း တရုတ်ရဲ့ လိုအပ်ချက်အရ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“မနေ့က စစ်ကောင်စီနဲ့ MNDAA လားရှိုး ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ MNDAA ပေါင်းပြီး လားရှိုး-မူဆယ် ဗျူဟာလမ်းပိုင်း တာဝန်ယူဖွင့်ဖို့ ဆွေးနွေးကြတယ်လို့ သိရတယ်။ ဆွေးနွေးမှုအပြီး စစ်ကောင်စီဘက်က မူဆယ်-လားရှိုးလမ်းပိုင်း ဖွင့်လိုက်တယ်လို့ သိရတယ်” လို့ ရှမ်းမြောက်အခြေအနေကို လေ့လာနေသူတစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ်ရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး လက်ရှိမှာ KIA ဘက်ကတော့ တစုံတရာ တုန့်ပြန်တာမျိုး မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။